ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းအနီးမှာ ဖမ်းဆီးခံရသူ ၅၀ ကျော်ထဲက ၄ ယောက်ဟာ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းနားမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ သူ ၅၃ ယောက်ထဲက အမျိုးသား ၂ ယောက် နဲ့ အမျိုးသမီးတယောက်ဟာ ဒီဇင်ဘာလ ၁၄ ရက် မနက် ၁၁နာရီ လောက်မှာ စစ်တွေမြို့မရဲစခန်း အချုပ်ထဲကနေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ စစ်တွေမြို့ဒေသခံတဦးက ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ သူတွေကတော့ ပေါက်တောမြို့နယ် ဖဒူကျေးရွာက အသက် ၃၀ အရွယ် ဒေါ်မကျော့စိန်၊ စစ်တွေမြို့ဆတ်ရိုးကျရပ်ကွက် မင်ဒရားချိတ်ရွာဟောင်းက အသက် ၁၃ နှစ်အရွယ် မစိုးပြည့်ဝင်း၊ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်က အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးဟိန်းမြတ်နဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရစဥ် စစ်တွေမြို့မရဲစခန်း အချုပ်ထဲမှာ ၂ ညနဲ့ ၂ ရက် ချုပ်နှောင်ခံခဲ့ရပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေက စစ်ဆေးမေးမြန်းတာတွေပြုလုပ်ကာ ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တာလို့ ပြန်လည်လွတ်မြောက်လာသူတယောက်ရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်တွေမြို့ ကိုးရီးယာဆိပ်ကမ်းမှာ ဒီဇင်ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ပေါက်တောမြို့နယ်ဘက်ကနေ စစ်တွေမြို့ကို လာတဲ့ စက်လှေ ၁၆ စီးက ပြည်သူ ၅၃ ယောက်ကို စစ်ကောင်စီရဲ့ ရေတပ်က ဗိုလ်မှူးထိန်းလင်း ဦးဆောင်ပြီး ဖမ်းဆီးခဲ့ကာ စစ်တွေမြို့မရဲစခန်းမှာ ချုပ်နှောင်ထား ဖြစ်ပါတယ်။