ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အတွင်းရှိ၊ ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ်တွေမှာ စက်သုံးဆီ တန်းစီဝယ်ယူသူတွေကို ယာဉ်ထိန်းရဲနဲ့ရဲတပ်ဖွဲ့ဝင်တွေက ယာဉ်စည်းကမ်းဥပဒေနဲ့ ဖမ်းဆီးဒဏ်ရိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ အစမှစတင်ပြီး နိုင်ငံတဝန်း စက်သုံးဆီ ပြတ်လပ်ကြောင့် ဆီဆိုင်တွေမှာ ကားနဲ့ဆိုင်ကယ်တွေကို တန်းစီစနစ်နဲ့ရောင်းချပေးနေတာပါ။
မြို့ခံတဦးက "သူတို့ ဖမ်းနေကျနေရာမှာ ဖြတ်သွားဖြတ်လာမရှိတော့ ဆီဆိုင်ရှေ့တွေထိ လိုက်ဖမ်းနေတာ။ တန်းစီနေချိန်ဆိုတော့လည်း အစစ်အဆေးခံကျရတာပေါ့။ ဆီဈေးကကြီး တန်းစီနေချိန် အခုလို အဖမ်းခံရတော့ ငွေကုန်ပြီး ပြန်ကြရတဲ့သူတွေမှ မနည်းဘူး" လို့ DVB ကို ပြောပါတယ်။
စက်သုံးဆီရရှိဖို့ တန်းစီနေတဲ့ ဆိုင်ကယ်နဲ့ဆီလာဝယ်သူတွေကို ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်ဦးထုပ်၊ ဆိုင်ကယ်လိုင်စင်တွေကို စစ်ဆေးနေပြီး မပြည်အစုံ မ ပါတဲ့သူတွေကို တမှု ၃၀,၀၀၀ ဒဏ်ကြေးတပ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးခံရသူတွေ ဒဏ်ကြေးမပေးဆောင်နိုင်ပါက ဆိုင်ကယ်တွေအား နယ်မြေခံရဲစခန်းကို သိမ်းယူသွားတယ်လို့ ဖမ်းဆီးခံရသူတွေဆီက သိရပါတယ်။
ဆိုင်ကယ်များကိုသာ ဖမ်းဆီးစစ်ဆေးတာဖြစ်ပြီး ကားနဲ့လာရောက်တန်းစီဝယ်ယူသူတွေကိုတော့ ဖမ်းဆီးစစ်ဆေးတာ မရှိဘူးလို့ သိရပါတယ်။
စက်သုံးဆီ ရောင်းချချိန်မှာလည်း ဆီဆိုင်တဆိုင်ကို တရက် ၃ နာရီလောက်သာ ရောင်းချပေးနေပြီး တဆိုင်နဲ့တဆိုင် ဆီရောင်းချချိန်မတူဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ဆီရောင်းချပေးတဲ့ ဆိုင်တွေမှာ လိုက်လံဖမ်းဆီးနေတာလို့ သိရပါတယ်။