စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ Non-CDM ဝန်ထမ်း အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦး၊ ပညာရေးဌာနမှ ဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ဝန်ထမ်း ၅ ဦး ဒီဇင်ဘာ ၁၄ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက " အကျဉ်းဦးစီးမှာ တာဝန်ထမ်းဆောင်တဲ့ ရဲဘော်နှစ်ယောက် အပါအဝင် ပညာရေးက ကျောင်းဆရာ၊ ဆရာမ သုံးယောက် ဝင်လာပါတယ်။ လက်ရှိတော့ သူတို့တွေက သူတို့ရဲ့ ဆွေးမျိုးနီးစပ်သူတွေနဲ့ လာရောက်ဝင်တာဖြစ်လို့ သူတို့ဆွေမျိုးတွေအိမ်မှာပဲ ထားပါတယ်"လို့ ပြောပါတယ်။
မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ Non-CDM ဝန်ထမ်းတွေကို ၂၀၂၄၊ ဇန်နဝါရီ ၅ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရောက်ကြဖို့ နိုဝင်ဘာ ၂၅ ရက်ကတည်းက အမိန့်ထုတ်ပြန် ကြေညာထားပြီး သတ်မှတ်ရက် ထက်နောက်ကျမှ ဝင်လာသူတွေကိုတော့ ဥပဒေအရ အရေးယူမယ်လို့ဆိုပါတယ်။
မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက "၂၀၂၄ ဇန်နဝါရီ ၅ ရက် အတွင်း ဝင်လာသူတွေကို ကောင်းကောင်းမွန်မွန် လက်ခံဝင်ရောက်ခွင့် ပြုပါတယ်။ ၅ ရက်နေ့နောက်မှ ဆိုရင် ကျနော်တို့ဘက်က ပကဖ၊ ပအဖ၊ ပလဖတွေ PDF အဖွဲ့တွေနဲ့ စုံစမ်းပြီး လိုက်လံ ဖမ်းဆီး အရေးယူဆောင်ရွက်သွာပါမယ်။ ဇန်နဝါရီ ၅ ရက်နေ့အတွင်း အလင်းဝင်လာသူတွေကို ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နွေးထွေး ပျူငှာစွာကြိုဆိုပါကြောင်းနဲ့ ဝင်လာတဲ့ လူတွေကို လုံခြုံ အေးချမ်းစွာ နေနိုင်အောင် စီမံဆောင်ရွက်ပေးသွားပါမယ်"လို့ ပြောပါတယ်။
မြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ကော်မတီကိုလည်း စနစ်တကျ ဖွဲ့စည်းကာ အခုအလင်းဝင်လာတဲ့ Non-CDM ဝန်ထမ်း ၅ ဦးကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနဲ့အညီ စီမံဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတယောက် ကျည်ဆန်တွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ABSDF စစ်ကြောင်း(၃ ) က သိရပါတယ်။
ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတယောက်ဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာကြောင့် မနေ့မနက် ၈နာရီ လောက်မှာ ABSDF အမှတ် (၃)စစ်ကြောင်း၊တပ်ရင်း(၁၂) ယောဒေသစခန်းမှာ အလင်းဝင်ရောက်ခဲ့တာလို့ ABSDF စစ်ကြောင်း(၃)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
အဲဒီရဲတပ်သားဆီမှာ ၇ ဒသမ ၆၂ မီလီမီတာကျည်ဆန် အတောင့် ၅၀ ပါလာပြီးလိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ကာ ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူ တွေ များပြားလာနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၄၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။