Home
မြန်မာသတင်း
ကျောက်ဖြူနှင့် အမ်းမြို့နယ်က ဒေသခံ ၂ ဦးကို စစ်တပ် ဖမ်းဆီး
DVB
·
December 15, 2023
Arm 15122023

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ အမ်းမြို့နယ်တွေမှာ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေက  ဒေသခံ ၂ ယောက်ကို ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာမှာ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၁၀၀ လောက်ရောက်လာပြီး အသက် ၂၈ နှစ်အရွယ် ကိုဇော်ထက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတာလို့ ကျောက်ဖြူမြို့ခံတယောက်က ပြောပါတယ်။

အလားတူ အမ်းမြို့ အမှတ် ၄ ရပ်ကွက် ဆက်သွယ်ရေးလမ်းက အသက် ၄၂ နှစ်အရွယ် ဦးဇော်မျိုးထွန်း (ခ) ဇော်ဇော်ကို ဒီဇင်ဘာ ၁၂ ရက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၈ ယောက်လောက် အိမ်စီးကား ၂ စီးနဲ့ လာရောက်ဖမ်းဆီးသွားကြတာလို့ အမ်းမြို့ဒေသခံ တဦးက ပြောပါတယ်။

ဦးဇော်မျိုးထွန်းရဲ့ နေအိမ်တံခါးကို အတင်းဖွင့်ခိုင်းပြီး လက်ကိုင်ဖုန်းကို သိမ်းဆည်းကာ ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြတာလို့ ဆိုပါတယ်။

ဦးဇော်မျိုးထွန်း (ခ) ဇော်ဇော်ဟာ ရခိုင်အခြေစိုက်သတင်းဌာနတခုမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးကာ အမ်းမြို့မှာ နောက်ဖွဲ့စည်းတဲ့ ရခိုင်စည်တော်အသင်းမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတဲ့အပြင် စစ်တွေမြို့ကို စျေးလာဝယ်တဲ့ ပြည်သူ ၅၀ ကျော်ကိုလည်း ဖမ်းဆီးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024