ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ လျှပ်စစ်မီးပြတ်တောက်ချိန်များတဲ့အပြင် စက်သုံးဆီ ဝယ်ယူရ ခက်ခဲတာတွေကြောင့် အသေးစားလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စီးမီးမရလို့ အသေးစားလုပ်ငန်းတွေ ဖြစ်တဲ့ မုန့်ဖုတ်လုပ်ငန်း၊ သံပန်းလုပ်ငန်း၊ မိတ္တူလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ လျှပ်စစ်ပစ္စည်း ပြုပြင်လုပ်ငန်းတွေပါ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။
လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “တနေကုန် မီးက ၂ နာရီကျော် ၃ နာရီလောက်ပဲ လာတာ။ တခါလာရင် ပြန်မသေအောင် ဘုရားတနေရတယ်။ တခါတလေဆို မနက် ၄ နာရီထိုး မီးလာလို့ လျှပ်စစ်ပစ္စည်းတွေ ထပြင်နေရတာ။ မီးစက်ဝယ်ပြီးလုပ်ဖို့ကလည်း စက်ဈေးတွေ ဆီဈေးတွေနဲ့က အဆင်မပြေပါဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးပြတ်ချိန် များလာပြီး မီးလာချိန် မမှန်တော့တာကြောင့် စီးပွားရေးလုပ်နေတဲ့သူတွေဟာ မီးစက်ကိုသာ အားကိုးနေရပေမဲ့ စက်သုံးဆီ ရှားပါးပြီး ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ မိတ္တူလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
“မီးက တရပ်ကွက်ကို ၃ နာရီခြား ပေးပေမဲ့ အဲဒါတောင် မမှန်ဘူး။ မမှန်တော့ မီးစက်ကို အားကိုးပြီး သုံးရတာပေါ့။ အရင်ကတောင် မီးမလာအချိန်ဆို နှစ်ဆလောက် တောင်းနေရတာ။ အခုက စက်သုံးဆီက ဆိုင်တွေမှာ ဝယ်မရတော့ အပြင်မှောင်ခိုဈေးနဲ့ လိုက်ဝယ်နေရတော့ နောက်ထပ် နှစ်ဆလောက် တက်တော့ အလုပ်လာအပ်တဲ့သူကို ဘယ်လိုတောင်းရမှန်းတောင် မသိတော့ပါဘူး” လို့ ပြောပါတယ်။
ပုသိမ်မြို့နယ်မှာ မီးပြတ်ချိန်များပြီး မီးလာချိန်မမှန်ပေမယ့် မီတာခတွေကတော့ အာဏာမသိမ်းခင်ကထက် နှစ်ဆကျော် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့ရှိ စက်သုံးဆီဆိုင်အများစုမှာ ပိတ်ထားရတာကြောင့် ဖွင့်လှစ်ထားတဲ့ ဆိုင်များမှာလည်း ပုံမှန်ထက် ဈေးနှုန်းမြင့်မားနေပြီး တလီတာကို ကျပ် ၄၀၀၀ မှ ၅၀၀၀ အထိရှိနေပြီး မှောင်ခိုဈေးကွက်မှာ ကျပ် ၇၀၀၀ အထိ ရှိနေပါတယ်။
စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဈေးနှုန်းမြင့်တက်လာတာကြောင့် အသေးစားလုပ်ငန်းတွေအပြင် ဆိုင်ကယ်တက္ကစီ၊ အိုးဝေနဲ့ ခရီးသည်တင်ကား ပြေးဆွဲသူတွေပါ အခက်အခဲရှိလာနေပါတယ်။