ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ ပြည်ပမှာ ရရှိတဲ့ လစာဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထဲက စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အထွေထွေလုပ်သား စတဲ့ Blue Collar အလုပ်သမားတွေရဲ့ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်း သတ်မှတ်ထားပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ၁၅၀ ဘတ် ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
လစဉ်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးသွင်းထားသူတွေအနေနဲ့ လစဉ် ၇၅၀၀ ဘတ်နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းနဲ့ မော်တော်ယာဉ်တွေ ဝယ်ယူရာမှာ စုဆောင်းထားတဲ့ ငွေဖြူစာရင်းတွေအပေါ် တွက်ချက်ကာ ဝင်ငွေခွန်တွေ လျှော့ပေါ့ပေးသွားမယ်လို့ မက်လုံးပေးထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတွေ၊ ရေကြောင်းကုမ္ပဏီတွေ၊ ဆေးရုံ၊ တက္ကသိုလ် ကောလိပ်တွေ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေ၊ စက်ရုံ၊ အလုပ်ရုံ အင်ဂျင်နီယာတွေစတဲ့ White Collar လုပ်သားတွေရဲ့ ဝင်ငွေခွန် ကောက်ခံရာမှာ လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်းကို အခွန်အဖြစ် တွက်ချက်ထားပေမဲ့ ထိုင်းနိုင်ငံမှာ အခွန်ဆောင်ထားပါက ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ရငွေမှ နုတ်ကာ ကျန်ငွေကိုသာ ပေးဆောင်ရမှာဖြစ်ပြီး ငွေဖြူခံစားခွင့်အနေနဲ့ ၄၁၁၀၀ ဘတ်နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကိုသာ ခံစားခွင့်ရရှိမယ်လို့ ဘန်ကောက်မြန်မာ သံရုံးက ပြောထားပါတယ်။
ရွှေ့ပြောင်းမြန်မာလုပ်သားတွေအနေနဲ့ အခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလအထိ ၁ လလျှင် ၁၅၀ ဘတ်နှုန်းနဲ့ ၃ လစာ၊ ၄၅၀ ဘတ်ကို ဘန်ကောက်မြန်မာ သံရုံးမှာ စတင် အခွန်ပေးဆောင်နိုင်ပြီဖြစ်ပြီး နောက်လတွေမှာ လစဉ် သို့မဟုတ် ၃ လ ၁ ကြိမ်၊ ၆ လ ၁ ကြိမ်၊ သို့မဟုတ် ၉ လ ၁ ကြိမ် ပေးဆောင်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရှိတဲ့ အေဂျင်စီတွေကနေ ပြည်ပနိုင်ငံတွေကို စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာ ရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုတွေဆီ တရားဝင်လွှဲပြောင်းပေးဖို့ တွန်းအားပေးဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။
သက်ဆိုင်ရာအေဂျင်စီတွေက သူတို့ စေလွှတ်ထားတဲ့ အလုပ်သမားတွေနဲ့ ဆက်သွယ်ပြီး တွန်းအားပေးဖို့နဲ့ အေဂျင်စီတာဝန်ရှိသူတွေက ပြည်ပနိုင်ငံတွေရှိ စက်ရုံ၊ အလုပ်တွေကို လိုက်လံပြီး လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မိသားစုတွေဆီ တရားဝင်နည်းလမ်းနဲ့ ပို့ဆောင်ဖို့ အလုပ်သမားတွေကို တွန်းအားပေးဖို့ ပြောဆိုထားတာပါ။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပြီး အခုလို ဝင်ငွေခွန် လစဉ် ကောက်ခံတာကြောင့် ဘတ်ငွေ သန်းပေါင်းများစွာ စစ်ကောင်စီအတွက် ဝင်ငွေရရှိစေမှာ ဖြစ်တယ်။
နိုင်ငံတွင်းမှာ တိုက်ပွဲတွေကြောင့် စစ်အသုံးစရိတ် စံချိန်တင်သုံးစွဲနေရပြီး နိုင်ငံခြားငွေ ပြတ်လပ်နေတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် အလုပ်သမားတွေထံကနေ နည်းမျိုးစုံနဲ့ ငွေညှစ်လာနေတာလည်း ဖြစ်ပါတယ်။