စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အမ်းမြို့နယ် ကဇုကိုင်းတံတားနားမှာ မနေ့ ည ၇ နာရီလောက်ကစပြီး ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ညလုံးပေါက် ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် မနက် ၁၀ နာရီကျော်လောက်မှာ တိုက်ပွဲပြန်လည်စတင်ကာ နှစ်ဘက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတချို့ သေဆုံးဒဏ်ရာရရှိထားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကာ အရှင်ဖမ်းဆီးရမိသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ကဇုကိုင်းရွာနားက တောင်တန်းတွေကိုလည်း ဒီဇင်ဘာ ၁၂ ရက် ညပိုင်းမှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံးသုံးလုံး ကြဲသွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ရက္ခိုင့်တပ်တော်ဘက်ကလည်း မထုတ်ပြန်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာတော့ ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းက စစ်ကောင်စီရဲ့ ဗျူဟာကုန်း ၂ ခုကနေ စစ်သည်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့နယ်၊ တောင်ဖြူတောင်နဲ့ အောင်မင်္ဂလာကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ၂ ခုက စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာ ၁၃ ရက် မနက် ၁၁ နာရီလောက်က စလို့ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲဒီစခန်း စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို အေအေက ညဥ့် ၁ နာရီကျော်လောက်မှာ တကြိမ်၊ မနက် ၃ နာရီကျော်လောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရရှိတဲ့သူ များပြားနိုင်ပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေကတော့ မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ မြောက်ဦးအခြေစိုက် ခလရ ၅၄၀ တပ်ရင်းထဲကို ဝင်သွားကြတယ်လို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီးတဲ့နောက် မနက် ၈ နာရီ ၄ မိနစ်လောက်မှာ မြောက်ဦး အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်းတွေကနေ လက်နက်ကြီးတွေ ၁၄ လုံး ပစ်ခတ်ခဲ့ကာ မြောက်ဦးမြို့နယ် ပုရိန်တောင်တန်းနားမှာ လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၅၀ ကျော်လောက် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။