မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေသေဆုံး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က စစ်တပ် လက်နက်ကြီးကျည် ပစ်ခတ်နေချိန် ချောင်းကြီးကျေးရွာ အနောက်ဘက် စမ်းချောင်းထဲမှာ လုပ်ငန်းသုံးသဲ သယ်ယူနေကြတဲ့ ဒေသခံတွေထဲက အမျိုးသားတစ်ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချောင်းကြီး ဒေသခံတစ်ဦးက ပြောပါတယ်။
ချောင်းကြီးရွာ အနောက်ဘက်က တောင်ကုန်းပေါ်မှာ အင်အား ၁၀၀ ခန့် တပ်စွဲထားတဲ့ စစ်တပ်ကို ကာကွယ်ရေးတပ်ဖွဲ့တချို့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်နဲ့ကပ်လျက် စဉ့်ကူးမြို့နယ်ရှိ ကင်းထောက်မြေပြင် သတင်းအဖွဲ့ တာဝန်ရှိသူတဦးက “စစ်ကြောင်းက ချောင်းကြီးရွာ အနောက်ဘက် တောင်ပေါ် တပ်ဖျောက်နေတယ်။ အင်အား ၁၀၀ လောက်နဲ့၊ ကာကွယ်ရေးတပ်တွေနဲ့ ၇ ရက်နဲ့ ၈ ရက်နေ့အထိတော့ ထိတွေ့မှု ဖြစ်နေကြတာပဲ။ လောလောဆယ်တော့ အဲဒီလောက်ပဲ သိရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချောင်းကြီးကျေးရွာ ဘောလုံးကွင်းအတွင်းမှာလည်း တပ်စွဲနေပြီး ဒီဇင်ဘာ ၁၃ ရက်က လက်နက်ကြီးတပ်ဆင် စမ်းသပ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအနီးမှာလည်း စခန်းချတပ်စွဲထားတဲ့ စစ်အုပ်စုစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်တွေက ဒီဇင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ပစ်ခတ်တာကြောင့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံ ထောင်နဲ့ချီကာ စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးနဲ့ တခြားလိုအပ်တာတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက “ကျောက်တံတားကစပြီး အတွင်းပိုင်းရွာ ၁၇ ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရမှုကြောင့် ရိတ်သိမ်းခါနီး စပါး၊ ပဲ၊ နှမ်း စတဲ့သီးနှံစို မှန်သမျှဟာ ဆုံးရှုံးနစ်နာမှုတွေ ရှိပါတယ်။ မြေပြင်စစ်ဘေးရှောင် စခန်း ၃ ခုမှာ ထောင်ချီနေရပြီး စားဝတ်နေရေးအတွက် မြို့နယ် ပကဖမှ တာဝန်ယူပေးနေရပါတယ်”လို့ ပြောပါတယ်။
မတ္တရာ စစ်ဘေးရှောင်စခန်းတွေမှာ မီးဖွားခါနီး အမျိုးသမီးတချို့လည်း ရှိနေပြီး လနဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာတော့ ဒီဇင်ဘာလ ၁၁ ရက် ညနေပိုင်းအချိန်က ထောက်ပို့ အဖွဲ့ဝင် ၁ ဦး ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဦးပွားဂုန်းကျော်တံတား တောင်ဘက်၊ အကွက် ၈၅၃ ၊ တောင်ရွာသစ်ရပ်ကွက်တွင် အသက် ၂၈ နှစ်အရွယ်ရှိ ထောက်ပို့လုပ်ဆောင်နေတဲ့ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က စစ်ကား ၃ စီး၊ အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး သူနဲ့အတူ ပစ္စတို ၁ လက်နဲ့ ဗုံးသီးတချို့ပါ ဖမ်းမိသွားတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောက်ပို့အဖွဲ့နဲ့ နီးစပ်သူက “သူက ထောက်ပို့ ကိုမှ အတိုနဲ့ အသီးတွေနဲ့ မိတာ။ လုံခြုံရေးပေါ့ဆ လို့ဖြစ်တာ။ သေနတ် တလက်နဲ့ ရပ်ကွက်ထဲ ဝင်လိုက် ထွက်လိုက် လုပ်နေတာ’ လို့ ဒီဗွီကို ပြောပါတယ်။
ဖမ်းဆီးခံရသူနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်ကလည်း မန္တလေးမြို့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တည်းခိုနေတဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော် ၃ ဦး ဖမ်းဆီးခံလိုက်ရပြီး တဦးဟာ သေနတ်ဒဏ်ရာတွေနဲ့ သေလား ရှင်လား မသိရတဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။