Home
မြန်မာသတင်း
စစ်ကောင်စီတပ်၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး လက်တုံ့ပြန်မည်ဟု အေအေပြော
DVB
·
December 13, 2023
AA_13122023

ရခိုင်ပြည်နယ်အနှံ့မှာ လက်နက်ကြီးတွေ၊ ရေကြောင်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ မီးရှို့မှုတွေကို နေ့စဉ် လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်က ကျူးလွန်သူတွေကို မှတ်တမ်းတင်ထားပြီး လက်တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်ကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ အရပ်သားတွေ နေထိုင်ရာ နေရာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်သူတွေကို မကြာခင်မှာ လက်တုံ့ပြန်သွားမယ်လို့ လို့ ဦးခိုင်သုခက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ပလက်ဝနဲ့ ပေါက်တောမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲတွေ ဖြစ်ပွားတာမရှိတဲ့ တောင်ဂုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွနဲ့ မန်အောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဦးခိုင်သုခက “ရခိုင်ပြည်အနှံ့မှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နေ့စဥ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းက တိုက်ခိုက်တာတွေ၊ နောက်ပြီး သူတို့ ရေတပ်သင်္ဘောပေါ်တွေကနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်အနှံ့က ပြည်သူတွေ သေဆုံးဒဏ်ရာရရှိတာတွေ ရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသတွေကိုလည်း ရေတပ်သင်္ဘောတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာတွေ ရှိနေပါတယ်။ နောက်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတယ်။ ဒီဖြစ်စဥ်တွေမှာ ပါဝင်တဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ ပါဝင်မှုအားလုံးကို ရက္ခိုင့်တပ်တော်အနေနဲ့ မှတ်တမ်းပြုလုပ်ထားတယ်။ မကြာသောအချိန်မှာ ပြန်လည်လက်တုံ့ပြန်သွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

တလတာ ကြာမြင့်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန် တိုက်ပွဲတွေအတွင်း အေအေတပ်တွေက စစ်ကောင်စီတပ်ရဲ့ ဒုံးပိုက်၊ ချိန်ခါလီ၊ ဒုံးညိုနဲ့ ခထိလှစခန်း ၄ ခုအပြင် တရွန်းအိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာတွေကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် တပိုင်းတစ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စခန်းတွေကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ အေအေက ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ လက်တွေ့ မြေပြင်မှာ သက်ရောက်မှု မရှိနိုင်ဘူးလို့ ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်ပါတယ်။

“စစ်ကောင်စီက လက်ရှိနေအထားအရ ရခိုင် အပါအဝင် မြန်မာတပြည်လုံး အကုန်လုံးနေရာမှာ ကျဆုံးနေတဲ့ အနေအထား ရှိနေတယ်။ အဲဒီအချိန်မှာ တရုတ်နိုင်ငံကို ကြားဝင်စေပြီး အကူအညီ တောင်းဆိုလာတဲ့သဘော တွေ့ရတယ်။ တရုတ်နဲ့ ဆွေးနွေးတဲ့ကိစ္စကို မီဒီယာမျက်နှာစာမှာ အမြတ်ထုတ်ချင်တဲ့သဘော တွေ့နေရတယ်။ သူတို့က ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ပဲ တွေ့ဆုံခဲ့ပါတယ် ဆိုပေမဲ့ လက်တွေ့မှာ တွေဆုံခြင်းရလဒ်က ဘယ်လောက်ရှိခဲ့လဲ။ သူတို့ ဘယ်လောက်ပဲတွေ့တွေ့ လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်နေတာပဲ တွေ့နေရတယ်။ တဖက်မှာ လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်နေတာရှိတယ်။ တရုတ်ကို အကူအညီတောင်းတဲ့သဘောပါ အဲဒါကြောင့် သူတို့တွေ့ဆုံဆွေးနွေးမှုက ဘာမှထူးခြားမှုမရှိဘူး။”

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ MNDA၊ TNLA၊ AAအဖွဲ့က တာဝန်ရှိသူတွေကို တရုတ်နိုင်ငံရဲ့အကူအညီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခဲ့ကြကာ ဆွေးနွေးမှုအပေါ် မူတည်ပြီး ဒီလကုန်မှာလည်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

လတ်တလော သတင်းတချို့ကြောင့် မြန်မာပြည်သူလူထုတရပ်လုံးအနေနဲ့ စိုးရိမ်ပူပန်မှု မရှိကြစေဖို့နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့  ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။

လင်းအိမ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024