ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်၊ စဖာဟင်မြို့မှာ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမားတယောက် နစ်နာကြေး ဘတ် ၃ သိန်းကျော် ရရှိခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရပါတယ်။
စဖာဟင်မြို့၊ ဘန်ဒေသရှိ အထပ်သားစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ကိုထက်လင်းဦးဟာ အောက်တိုဘာလအတွင်းက လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေချိန် မတော်တဆဖြစ်ပြီး သစ်သားခွဲတဲ့စက်မှ ဝိတ်ဘီးကြိတ်မိသွားတာကြောင့် ဘယ်ဘက်လက်ညှိုး ၂ ဆစ်၊ လက်ခလယ် ၂ ဆစ်၊ လက်သန်းကြွယ် ၂ ဆစ် ဖြတ်ခဲ့ရပါတယ်။
အလုပ်လုပ်ချိန်အတွင်း ဖြစ်ပွားခဲ့ပေမဲ့ စက်ရုံက အကူအညီမပေးခဲ့တာကြောင့် နစ်နာကြေး ရရှိဖို့အတွက် ကိုလက်ထက်လင်းဦးက WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပါတယ်။
WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “သူတို့စက်ရုံက ဘာမှမလုပ်ပေးလို့ ကျနော်တို့ဆီမှာ အကူအညီလာတောင်းခဲ့တာပါ။ သူ့အတွက် ကျနော်တို့ ၁၀ လပိုင်း ၂၅ ရက်နေ့က ပကန်စံခွန်ရုံးမှာ အကူအညီရဖို့ ဆောင်ရွက်ပေးခဲ့တာ။ အမှုဖြစ်ပြီး နှစ်လပြည့်ခါနီးအချိန်မှာ ထိုက်သင့်တဲ့နစ်နာကြေး ရရှိခဲ့ပါတယ်။ နစ်နာကြေး အတိအကျဆို ၃၁၂,၄၆၃ ဘတ်တိတိ ရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
ရရှိခဲ့တဲ့ နစ်နာကြေး ၃၁၂,၄၆၃ ဘတ်ကို နစ်နာသူ မြန်မာအလုပ်သမား ကိုထက်လင်းဦးကို WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်မှာ ပေးအပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ လန်လုကာမြို့မှာလည်း လုပ်ငန်းခွင်ထိခိုက်ခဲ့တဲ့ မြန်မာအမျိုးသမီး အလုပ်သမားတဦး အောက်တိုဘာ ၂၈ ရက်နေ့က နစ်နာကြေး ဘတ် ၂ သိန်းခွဲကျော် ရရှိခဲ့တယ်။