ထိုင်းနိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသက မယ့်တမဆင်စခန်းမှာ ဒီဇင်ဘာ မနက်ခင်း ၈ နာရီလောက်ကတည်းက ‘ကြိုဆိုပါ၏’လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကနေ ဝင်လိုက်ရင်ပဲ ဝင်းကျယ်ကြီးထဲမှာ ခရီးသည်တင် ဘတ်စ်ကားတွေ၊ ပေါင်မုန့်ကားတွေ၊ အိမ်စီးကားတွေ အပါအဝင် ကားကြီး ကားငယ်တွေက အပြည့်၊ ရာနဲ့ချီတဲ့ လူမျိုးပေါင်းစုံ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာနေပါတယ်။
ဆင်စခန်းမှာတော့ ဆင်ထိန်းတွေနဲ့ အရွယ်အစားစုံ ဆင်တွေလည်း ဧည့်သည်တွေကို ကြိုဆိုဖို့ အဆင်သင့်စောင့်ဆိုင်းနေကြသလို ဆင်စီးချင်သူတွေလည်း စီးလို့ရအောင် ဆင်တကောင်၊ ဆင်ထိန်းတယောက် ကိုယ်စီနဲ့ အဆင်သင့်စောင့်ဆိုင်းနေကြပါတယ်။
တချို့လည်း ဆင်ပေါ် ဧည်သည့်တွေတင်ပြီး ချောင်းတလျှောက် ဆင်းသွားကြသလို တဖက်မှာလည်း ဆင်အလှပြကြည့်ဖို့ စောင့်ဆိုင်းနေတဲ့ ဧည့်သည်တွေနဲ့၊ ဆင်နဲ့ ဆင်ထိန်းတွေကလည်း ဧည့်သည်တွေကို ဖျော်ဖြေဖို့ ပြင်ဆင်ကြရင်း မနက်ခင်းတခုလုံး လှုပ်လှုပ်ရှားရှားနဲ့ ကိုယ်စီ အလုပ်ရှုပ်နေကြပါတယ်။
လူတွေ သက်ဝင်လှုပ်ရှားနေတဲ့ ဒီကွင်းပြင်ရဲ့ တဖက်ကမ်း သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ တောင်ကုန်းတခုမှာတော့ ၁၀ ၊ ၁၅ ပေပတ်လည် တဲလေးတွေ သုံးလေးအိမ်တစုကို မြင်တွေ့ရပြီး တဲငယ်လေးမှာတော့ တဖက်ကမ်းနဲ့ လုံးဝ ဆန့်ကျင်ဘက် တိတ်ဆိတ်ငြိမ်သက်နေသလို ၁၀ ပေလောက်သာရှိတဲ့ တဲလေးတခုမှာတော့ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ရှိနေပါတယ်။
သူ့နာမည်ကတော့ ဒေါ်အန်းဂျလာပါ။ သူဟာ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့က ညောင်ဈေးရပ်ကွက်မှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသမှာ တိုက်ပွဲတွေ ဖြစ်လာပြီး ဖရူဆိုမြို့နယ်ထဲကို စစ်မီးကူးစက်လာချိန် သူဟာ ဖရူဆိုကနေ သိပ်မဝေးလှတဲ့ ဟိုယာဒေသဘက်ကို သွားရောက် စစ်ရှောင်ခဲ့ပါတယ်။
သူတို့မိသားစုဟာ သာမန် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်သူဖြစ်လို့ သူ နေထိုင်ရာ ဒေသမှာ စစ်ပွဲဖြစ်ပွားမှုကြောင့် တောင်ယာ လုပ်ကိုင်စားသောက်လို့မရတော့ဘဲ စားဝတ်နေရေးအတွက် ခက်ခဲမှုတွေရှိလာသလို နေ့စဉ် တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်ထဲက ဆင်စခန်းမှာ အလုပ်လုပ်နေတဲ့ သားဖြစ်သူထံ လိုက်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒေါ်အန်ဂျလာ တယောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ၂၀၂၂ ခုနှစ်မှာ ရောက်လာခဲ့ပြီး သားသမီးမြေးတွေနဲ့အတူ မိသားစု ၈ ဦးဟာ ၁၂ ပေလောက်လောက်သာရှိတဲ့ တဲအိမ်တလုံးထဲမှာ အတူနေထိုင်ရင်း သားကြီးဖြစ်သူ ဆင်ထိန်းရဲ့ ဝင်ငွေကိုသာ အားကိုးပြီး နေ့စဉ် စားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“နေရာထိုင်ခင်းတော့ ခက်ခဲတယ်။ ပထမ အိမ်တွေဘာတွေ စုတ်စုတ်ပြတ်ပြတ်နဲ့ ကိုယ်ဟာကို ဆောက်ပြီးမှ ဝါးတွေ ဝယ်တယ်။ သွပ်မိုးတွေသူများဟာ အဟောင်းတွေကို ပြန်တောင်းဝယ်ပြီးမှ ကိုယ်ဟာကို ပြန်ပြီးဆောက်လုပ်နေတယ်။ တံခါးတွေ ဘာတွေတောင် အခုထက်ထိ မပြီးသေးဘူး။ စားဖို့အတွက်လည်း အလုပ်အကိုင် အဆင်မပြေလို့ အခုထက်ထိ ကျမ အလုပ်မလုပ်ရသေးဘူး။ သားသမီးလုပ်တာလည်း မလောက်မငနဲ့ စားပြီးရင်လည်း (နေထိုင်ခွင့်) လက်မှတ်ဖိုးကလည်း တချိန်လုံး ပြန်ပြီးတော့ ပေးနေရတယ်။”
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်ဖို့ တရားဝင်လက်မှတ်ရှိဖို့ လိုအပ်တဲ့အတွက် သူနဲ့ သူ့သားသမီးတွေ တရားဝင်နေထိုင်နိုင်ရေးအတွက် ထိုင်းနိုင်ငံအစိုးရက ဖွင့်ပေးထားတဲ့ အလုပ်သမားလက်မှတ် ပန်းရောင်ကတ်တွေ ရှိဖို့ လုပ်ဆောင်နေရပါတယ်။
အသက်ငယ်သေးတဲ့ သားသမီးတွေ နေထိုင်ခွင့်လက်မှတ်ရဖို့အတွက် ဦးစားပေးလုပ်ခိုင်းပြီး အသက် ၅၀ နားကပ်တဲ့ သူအတွက်ကတော့ အခုချိန်ထိ တရားဝင် လက်မှတ်မရှိသေးပါဘူး။
ဒေါ်အန်ဂျလာက “သားသမီးတွေက နေမကောင်းလို့ ဆေးတွေ ဘာတွေ ဝယ်ချင်တယ်၊ ဟင်းတွေ ဘာတွေ ဝယ်ချင်လည်း သူများစကားလည်းမတတ်၊ ကိုယ်က ကတ်(ဘတ်)မရှိ၊ သူများ ကိုယ့်ကို ဖမ်းမှာလည်း ကြောက်တယ်။ လိုချင်တဲ့ပစ္စည်း ရှိတယ်ဆိုရင်လည် သွားဖို့လာဖို့ တော်တော် ခဲယဉ်းတယ်”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေချိန်ဖြစ်လို့ နေ့စဉ် တိုက်ပွဲဖြစ်မလား၊ လက်နက်ကြီးကျလာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးတွေ မရှိတော့ပေမဲ့ လက်ရှိ ဖရူဆိုမြို့နယ်မှာ သူ့ရဲ့ အမေအိုတယောက်နဲ့ တခြား မောင်နှမတွေ ကျန်ခဲ့လို့ သူတို့အတွက် စိုးရိမ်ပူပန်နေရတယ်လို့ ပြောပါတယ်။
ဒေါ်အန်ဂျန်လာလိုပဲ စစ်ရှောင်ဘဝနဲ့ တနေရာပြီးတနေရာ ရွှေ့ပြောင်းပြီးနောက် ချင်းမိုင်ဆင်စခန်းကို ရောက်လာသူကတော့ ကလေးငယ် နှစ်ယောက် မိခင် မမေရီ ဖြစ်ပါတယ်။
သူဟာ လွိုင်ကော်မြို့နယ် ချိကယ်ရွာမှာ နေထိုင်ခဲ့သူဖြစ်ပြီး စစ်ဖြစ်ပွားပြီးနောက် ကရင်နီပြည်နယ် ရှားတောမြို့နယ်ဘက်ကို စစ်ရှောင်ခဲ့ပါတယ်။ တိုက်ပွဲတွေဟာ ရှားတောမြို့နယ်ထိ ဆက်လက်ပျံ့နှံ့လာတဲ့နောက်မှာတော့ ကလေးငယ်မိခင်ဖြစ်သူပီပီ သားသမီးရှေ့ရေးအတွက် ကလေးငယ်ကို လက်စွဲကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆင်စခန်းမှာ ရောက်လာခဲ့ပါတယ်။
ချင်းမိုင်ခရိုင်ရှိ မယ့်တမဆင်စခန်းကို ရောက်လာပြီးနောက် သူ ရင်ဆိုင်ရနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ မမေရီက “ကလေးတဖက်နဲ့ဆိုတော့ အလုပ်လုပ်လို့လည်း မဖြစ်ဘူး။ အခက်အခဲတွေ အများကြီးရှိတယ်။ အမျိုးသားတယောက်ရဲ့ လစာနဲ့ပဲ စားသောက်နေရတယ်။ မိသားစု လေးယောက်ပေါ့။ လင်မယားနှစ်ယောက် လက်မှတ်ဖိုးနဲ့ပဲ ကုန်ကုန်သွားတယ်။ လက်ထဲ ပိုက်ဆံရှိတယ်လို့မရှိဘူး” လို့ ပြောပြပါတယ်။
အလားတူပဲ ဖရူဆိုမြို့နယ် ကေခီးကျေးရွာကနေ ချင်းမိုင် ဆင်စခန်းဆီကို ရောက်လာသူကတော့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ဖြစ်တဲ့ စနေဖောပါ။ သူဟာ မွေးချင်းမောင်နှမ ၈ ယောက်ထဲက တတိယမြောက်သမီး ဖြစ်ပါတယ်။ သူ့တို့မွေးရပ်ဇာတိက ကျေးရွာဟာ အိမ်ခြေ ၃၀ လောက်သာရှိပြီး အခုချိန်ထိရွာမှာ တိုက်ပွဲမဖြစ်ပေမဲ့ စားဝတ်နေရေး ခက်ခဲလာလို့ ဝမ်းကွဲအစ်ကိုရဲ့ အကူအညီနဲ့ ဆင်စခန်းကို ရောက်ရှိခိုလှုံလာသူပါ။
သူ့မှာ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် မရှိလို့ အလုပ်ခေါ်မယ့်သူ မရှိသလို ဆင်စခန်းမှာ ငှက်ပျောသီးတွေ လှီးဖို့ တခါတလေ အလုပ်ခေါ်တဲ့အခါမှာလည်း တရက်ကို ဘတ် ၂၀၀ သာ ရရှိတယ်လို့ စနေဖောက ပြောပါတယ်။
ထိုင်းနိုင်ငံ ရောက်လာကြသူတွေဟာ တရားဝင်နေထိုင်နိုင်ဖို့ အလုပ်သမားလက်မှတ် ရရှိဖို့အတွက် ထိုင်းဘတ် ၁၇၀၀၀ လောက်ထိ ပေးဆောင်ပြီး လုပ်ရတာတွေရှိနေပါတယ်။
ဒီလို ထိုင်းနိုင်ငံမှာ စကားမတတ် အလုပ်အကိုင်အတွက်လည်း ကလေးငယ်နဲ့မို့ အလုပ်ရှာဖို့ ခက်ခဲတဲ့သူအတွက်တော့ ကရင်နီပြည်နယ် အေးချမ်းဖို့သာ လိုလားပြီး အမေကို ပြန်တွေ့ဖို့ပဲ မျှော်လင့်တယ်လို့ မမေရီက ပြောပါတယ်။
“တိုင်းပြည် အေးချမ်းသွားရင်တော့ ကိုယ့်ပြည်ပဲ ကိုယ်ပြန်မှာပေါ့နော်။ ဒီမှာ နေတာကတော့ သူများနိုင်ငံမှာဆိုတော့ သူများကျွန်ပဲပေါ့။ ရွာမှာကလည်း အမေ ကျန်ခဲ့သေးတယ်လေ။ အမေ့ဆီကို ပြန်ချင်တယ်။ အမေ့ကိုလည်း ပြန်ခေါ်ချင်တယ်။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေ လုံးဝ မကောင်းသေးတော့ ပြန်လို့မရသေးဘူးပေါ့။ နိုင်ငံရေးအခြေအနေ ကောင်းရင်တော့ အမေ့ဆီကိုပဲ ပြန်မယ်။”
ဆင်စခန်းမှာဆိုရင် ဆင်ကောင်ရေ ၆၀ နီးပါးရှိပြီး ဆင်ထိန်းအားလုံးနီးပါးဟာ မြန်မာနိုင်ငံကနေ လာတဲ့ ဆင်ထိန်းအလုပ် လုပ်ကြသူတွေဖြစ်ကြပြီး အများစုကတော့ ကရင်နီ(ကယား)ပြည်နယ်က ဖြစ်ပါတယ်။
ဆင်ထိန်းတွေကို မှီခိုတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားမိသားစုအများအပြား ရှိသနေလိုပဲ တချို့ကတော့ ဆင်စခန်းမှာ သန့်ရှင်းရေးလုပ်တာတွေ၊ ဆင်အစာကျွေးတာတွေ လုပ်သလိုပဲ တချို့ကတော့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ရောင်းချတဲ့ အလုပ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ဆင်စခန်းမှာ ဆင်ထိန်းရင်း ပျော်ရွှင်သူတွေရှိသလိုပဲ အများစုကတော့ မြန်မာပြည် ပြည်လည်အေးချမ်းတဲ့တနေ့ အိမ်ပြန်ကြဖို့ မျှော်လင့်နေကြပါတယ်။