Home
နိုင်ငံတကာ
ငွေကြေးအထောက်အပံ့ရရှိရေး ယူကရိန်းသမ္မတ ဇီလန်စကီး ဝါရှင်တန်သို့ ထပ်မံသွားရောက်
DVB
·
December 13, 2023
Ukrain President_13122023

ယူကရိန်းကို ငွေကြေးထောက်ပံ့တဲ့ကိစ္စဟာ ဘဏ္ဍာရေးကိစ္စ မဟုတ်ဘဲ “ကျင့်ဝတ်ပိုင်းဆိုင်ရာ” ကိစ္စသာဖြစ်ပြီး အမေရိကန်ဆီက ရန်ပုံငွေ ထောက်ပံ့မှု မရရင်လည်း ယူကရိန်းဟာ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်စကီးက ဒီဇင်ဘာ ၁၂ ရက်က Fox News ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ဇလန်စကီးကတော့ ဒါဟာ ငွေကြေးရ၊ မရနဲ့ မသက်ဆိုင်ဘဲ ကျင့်ဝတ်ပိုင်းနဲ့ သက်ဆိုင်သွားပြီ ဖြစ်ကြောင်း၊ အကြီးမားဆုံး ပြဿနာက ယူကရိန်းကို မထောက်ပံ့တော့ဘူးဆိုရင် ရှေ့တန်းက လူတွေ၊ အိမ်မှာ သူတို့ရဲ့ သူရဲကောင်းတွေကို စောင့်ဆိုင်းနေတဲ့ မိသားစုတွေက အမေရိကန်က ယူကရိန်းကို မထောက်ပံ့ဘူး၊ ယူကရိန်း တဦးတည်းဖြစ်သွားပြီလို့ သူတို့ ထင်မြင်ခံစားသွားကြမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်ဆိုတာ ရူးနေလို့သာလျှင် ဖြစ်လိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာလည်း မှတ်ချက်စကား ပြောပါတယ်။

သမ္မတဘိုင်ဒင်ကတော့ နောင်အခါ နေတိုးအဖွဲ့မှာ ယူကရိန်းကို မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး “အခုစစ်ပွဲမှာ သူတို့အနိုင်ရကြောင်း သေချာစေရမယ်” လို့လည်း ပြောသွားပါတယ်။ 

သမ္မတ ဇလန်စကီးဟာ ရုရှားနဲ့ စစ်ဖြစ်နေချိန်အတွင်း ယူကရိန်းအတွက် ငွေကြေးထောက်ပံ့မှု တောင်းခံဖို့ ဝါရှင်တန်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းကို ဒေါ်လာ ၆၁ ဒသမ ၄ ဘီလီယံကူညီဖို့ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ဆီက ရန်ပုံငွေတောင်းခံမှုအပေါ် ရီပတ်ဘလီကန်တွေက လက်မှတ်ရေးထိုးဖို့ တွန့်ဆုတ်နေခဲ့ပြီး အမေရိကန် ထိပ်တန်းဥပဒေပြု အမတ်တဦးနဲ့ တွေ့ဆုံမှုအတွင်း ထောက်ပံ့မှုပေးမယ်ဆိုတဲ့ ကတိကဝတ် မရရှိခဲ့ဘဲ အစည်းဝေး ပြီးဆုံးသွားခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ် မိုက်ဂျွန်ဆင်က ဇလန်စကီးနဲ့ တွေ့ဆုံပြီးနောက်မှာ ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ငွေတွေကို ဘယ်လိုဘယ်ပုံ အသုံးပြုမယ် ဆိုတာကို အသေးစိတ် ထပ်မံဖော်ပြရမှာဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ယူကရိန်းသမ္မတ  ဇလန်စကီးကို နောက်ထပ် စစ်ရေးအကူအညီတွေ မပေးနိုင်တော့ဘူးဆိုရင် ရုရှားကို “ခရစ်စမတ်လက်ဆောင်” ပေးနေရမယ်လို့ ရီပတ်ဘလစ်ကန်တွေကို အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024