လတ်တလော သတင်းတချို့ကြောင့် မြန်မာပြည်သူလူထု တရပ်လုံးအနေနဲ့ အလွန်စိုးရိမ်ပူပန်မှု မရှိကြစေဖို့နဲ့ ဘုံရည်မှန်းချက်အလုံးစုံပြည့်ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မာပြည်သူလူထု တရပ်လုံးနဲ့ လက်တွဲကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာ ၁၂ ရက် ညမှာ ထုတ်ပြန် ကြေညာပါတယ်။
MNDAA၊ TNLA၊ AA ညီနောင်တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဒီဇင်ဘာလ ၁၁ ရက်က တရုတ်အစိုးရရဲ့ ကမကထလုပ်မှုနဲ့ တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်တနေ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်လာတာပါ။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရည်မှန်းထားတဲ့အတိုင်း စစ်ကောင်စီရဲ့ စစ်စခန်းတွေ၊ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ လက်နက်ကြီးစခန်းကုန်းတွေကို တခုပြီးတခု တိုက်ထုတ်ရင်း ဆက်လက်ရွေ့လျားနေကြောင်း တဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်နဲ့ ၃ ဖွဲ့စလုံးရဲ့ စုပေါင်း ရည်မှန်းချက်တို့ဟာ အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီ ဆိုပေမဲ့လည်း အလုံးစုံသောရည်မှန်းချက်ပြည့်ဝဖို့အတွက်တော့ အချိန်ကာလတခုအထိ ဆက်လက် ကြိုးစား တိုက်ပွဲဝင်ရဦးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တပြိုင်နက်တည်းမှာပဲ စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တခုပြီးတခု ခံစားခဲ့ကြရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံးက မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မိမိတို့အနေနဲ့ ဘယ်အခါမှ လျစ်လျူရှုသွားမှာ မဟုတ်တဲ့အပြင် နောက်လှည့်ပြီးသွားမယ့်သူတွေ မဟုတ်ကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်က ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို စစ်ကောင်စီနဲ့ မဟာမိတ် ၃ ဖွဲ့က ထုတ်ဖော်ပြောဆိုတာမရှိသေးပေမဲ့ အပစ်အခတ်ရပ်စဲရေးကိ ဒီဇင်ဘာလကုန်အထိ ထားရှိဖို့၊ စစ်အကျဉ်းသားနဲ့ ထိန်းသိမ်းထားသူတွေကို လဲလှယ်ကြဖို့ ဆွေးနွေးရာမှာ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နှစ်ဘက်ဆွေးနွေမှုတွေကို အသေးစိတ်မသိရသေးပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တရုတ်နိုင်ငံအကူအညီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး၊ ဒီဇင်ဘာလကုန်မှာ နောက်တကြိမ် တွေ့ဆုံဖို့ရှိတယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ ပြောပါတယ်။