Home
မြန်မာသတင်း
မော်လူးမြို့ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
DVB
·
December 13, 2023
Maw Lu_13122023

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာရှိတဲ့ ရဲစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၃ ရက်မနက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။

KIA၊ PDF၊ ABSDF၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက  ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ မနက် ၇ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနက် ၂ နာရီလောက်ကနေ ပစ်ကြတာ ၇ နာရီလောက်မှရတယ်။ မော်လူးမှာ ရဲစခန်းက အဲဒီ တစ်ခုပဲရှိတယ်၊ သိမ်းလိုက်ပြီ။”

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီလေတပ်က ရဲစခန်းပတ်ဝန်းကျင်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့  ရဲစခန်း အနောက်ဘက် လယ်ကွင်းတွေဘက်မှာ ကျရောက် လက်နက်ကျည်တွေ ပေါက်ကွဲတာ တွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေစဉ် မိုးညှင်း ဆယ်မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကနေ မော်လူးရဲစခန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာရှိပေမဲ့ ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးမှုသတင်းတွေကတော့ မရရှိပါဘူး။

မော်လူးမြို့မှာ အင်းတော်မြို့နယ်ထဲက ကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ပြည်သူတချို့ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မော်လူးဘက်ခြမ်းက အရင်ကျေးရွာတွေမှာ စစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲဖြစ်လို့ ရွာမှာနေလို့ အဆင်မပြေတဲ့ ပြည်သူတွေ တိမ်းရှောင်နေတာတွေရှိတယ်။ အခုမနက်ကြတော့ ရှောင်နေကြပြီ ပြောတယ်။ လေကြောင်းလည်း လာတယ်ဆိုတော့၊ အခုအထိတော့ ပြည်သူတွေ ထိခိုက်တာတော့ မကြားရသေးဘူး။”

မော်လူးရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တယောက်ထိခိုက် သေဆုံးမှုရှိပြီးတော့‌ ထွက်ပြေးလွတ်မြောက်သွားသူတွေရှိသလို ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လူး ရဲစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ တော်လှန်ရေးအဖွဲ့တွေဘက်ကရော စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024