ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက ကွန်ဖဲ့ရွာအနီးမှာရှိတဲ့ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပါဝင်တဲ့ မဟာမိတ်အဖွဲ့က ဝင်ရောက်စီးနင်းစဥ် စခန်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁ဝ ရက်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အဆိုပါစခန်းမှာက အင်အား ၅၀ လောက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ချိန်မှာပဲ စွန့်ခွာ ထွက်ပြေးသွားခဲ့တာလို့ BPLA ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
“အဲဒီစခန်းမှာက ထပ်ရောက်လာတာ ရန်သူအင်အား ၃၀ လောက်၊ စခန်းအတွင်းရှိနေတဲ့ ရန်သူ ၂၀ နဲ့ ပေါင်းအင်းအား ၅၀ လောက်က ကျနော်တို့ တိုက်မယ့်အချိန်မှာတော့ စခန်းကိုစွန့်ခွာသွားပြီ။"
စစ်ကောင်စီဘက်က အကျအဆုံး များလာတာကြောင့် မြို့နဲ့အနီးစပ်ဆုံး တပ်စခန်းတွေမှာသာ ခြေကုပ်ယူထားရတာလို့ မြေပြင်တော်လှန်ရေးရဲဘော်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရန်သူဟာ စစ်သည်ပြုန်းတီးမှုနဲ့ကြုံနေရပြီး စခန်းတွေအကုန် ထိန်းသိမ်းဖို့ ခက်လာပါတယ်။ အဲဒီတော့ မြို့နဲ့ အနီးဆုံးစခန်းတွေမှာပဲ အင်အားပေါင်းပြီး ခြေကုပ်ခံ စစ်ပြင်လာတာ ဖြစ်ပါတယ်။”
စခန်းတွင်းကို ဝင်ရောက်စီးနင်းပြီးတဲ့နောက် စခန်းတွင်းရှိ အသုံးအဆောင်တွေ၊ ရိက္ခာတွေ၊ စက်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပြီး ဆန်၊ ဆီ၊ ပဲ စားသောက်ကုန်ပစ္စည်းတွေကိုတော့ ပြည်သူလူထုဆီ ပေးအပ်ခဲ့ကြောင်း၊ စခန်းအတွင်းက မိုင်းတွေ ရှင်းလင်းတာ၊ နယ်မြေရှင်းလင်းတာတွေ လုပ်ပြီး အဆောက်အဦနဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရဲ့ အရှေ့ဘက်ကရွာတွေကို ဒီဇင်ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီက တောင်ငူလေတပ်ကနေ ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြူးမြို့နယ်ရဲ့ အရှေ့ဘက်က ဆိတ်ဖူးခင်၊ ဘန်းလောင်၊ ကိုင်းတဲစု၊ စက်ကုန်း၊ သပြေလှ စတဲ့ရွာ တွေကို ဂျက်လေယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဖြူးမြို့ဒေသခံတဦးက “မနက်က PDF တွေက သပြေလှကို ကားနဲ့ မိုင်းလာချသွားတာကို သူတို့ဘက်က သတင်းရလို့ လေယာဉ်နဲ့ လာပစ်တာလို့တော့ ကြားတာပဲ။ မုန်းမှာတိုက်ပွဲ ဖြစ်တုန်းက လေယာဉ်လာကြဲလို့ အဲဒီဘက်က တချို့ရွာတွေ ပါကုန်တယ်လေ။ အဲ့ကတည်းက သူတို့က စစ်ဘေးရှောင်နေတာ။ အခုမှ ငြိမ်သွားတာ လေးငါးရက်ပဲရှိသေးတာ” လို့ ပြောပါတယ်။
လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာကြောင့် ကိုင်းတဲစုရွာက ကလေးငယ်တဦး ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ဘန်းလောင်၊ ကိုင်းတဲစု၊ ရေတွင်းကုန်းနဲ့ ဇဟား ရွာတွေဘက်ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ရွာသား ၄ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။