အခုလ ဒီဇင်ဘာဒုတိယအပတ်လောက်ကစပြီး ၁၀ ရက်အတွင်း မြန်မာနိုင်ငံရှိ မြစ်တွေမှာ မြစ်ရေတွေ ပေဝက်မှ တစ်ပေခွဲခန့်အထိ ဆက်လက်ကျဆင်းနေမှာဖြစ်ကြောင်း မိုးလေဝသနဲ့ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဧရာဝတီမြစ်ရေမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ ပေဝက်မှ တစ်ပေခွဲခန့်ထိကျဆင်းသွားနိုင်တယ်လို့ မိုးဇလ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒီရာသီက မိုးလည်း နည်းတယ်။ နောက်ပြီး မြစ်ရေကျတဲ့ရာသီဆိုတော့ ပုံမှန်ပါပဲ။ လက်ရှိ မိုးရွာတယ်ဆိုတာလည်း ဆောင်းရာသီရဲ့ လေနဲ့ မြစ်ထဲက ရေခိုးရေငွေ့တွေ ပေါင်းစုပြီး ရွာတတ်ပါတယ်။ မြစ်ဝကျွန်းပေါ် တောင်ပိုင်းဒေသတွေမှာဆိုရင် မအေးဘဲနဲ့ ပူနေတာတွေလည်း ရှိတယ်။ ဆောင်းရာသီက အရှေ့လေပြင်းတိုက်တာများလို့ လှိုင်းကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကမ်းဝေးငါးဖမ်းမယ့်သူတွေ ဂရုစိုက်ပြီးသွားစေချတယ်။”
ဒါ့အပြင် ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ်းမလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ တစ်ပေလောက်အထိ ကျဆင်းနိုင်ကြောင်း သိရပါတယ်။
အလားတူ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ တစ်ပေခွဲလောက်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တွေမှာ ပေဝက်မှ တစ်ပေခွဲလောက်အထိ ကျဆင်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းပါတယ်။
စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နဲ့ ဘီးလင်းမြစ်ရေတို့မှာလည်း မြို့ရဲ့ လက်ရှိရေမှတ်ရဲ့ ပေဝက်မှ တစ်ပေခွဲလောက်အထိ အသီးသီးကျဆင်းနိုင်ကြောင်း မိုးဇလဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။