Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်ပြည်သူ  ၂ သိန်းကျော် အရေးပေါ် အကူအညီလိုအပ်နေ 
DVB
·
December 12, 2023
Rakhine-IDP

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိ ရှိလာနေပြီး အခြေခံ စားနပ်ရိက္ခာ၊ အသုံးအဆောင်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ လူမူကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ပေါက်တောမြို့နယ်က စစ်ရှောင် ၈၀၀၀၀ ကျော်၊ ပုဏ္ဏားကျွန်းမြို့နယ်က ၅၀၀၀၀ ကျော်၊ မင်းပြားမြို့နယ်က ၂၀၀၀၀ ကျော် ရှိနေပြီး စစ်တွေ၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံနဲ့ အမ်းစတဲ့ မြို့နယ်တွေက စစ်ဘေးရှောင် ၅၀၀၀၀ လောက်ဟာ ဘေးလွတ်ရာ ကျေးရွာတွေမှာ ခိုလှုံနေကြရပါတယ်။

နိုဝင်ဘာလ ၁၃ ရက်က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေးတွေ အားလုံးကို ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရေးအဖွဲ့တွေ ကူညီလို့မရနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

ပေါက်တောမြို့က စစ်ဘေးရှောင် အမျိုးသမီးတဦးက “ကျမတို့ ညီအစ်ကို မောင်နှမ မိသားစုတွေနဲ့ ရွာသူရွာသားတွေ အားလုံးအခက်အခဲမျိုးစုံနဲ့ ထွက်ပြေးလာကြရတာပါ။ ကျမတို့ရွာကို စစ်တပ်က သေနတ်ပစ်ဝင်လာလို့ ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြရတာပါ။ အခု ဘုန်းကြီးကျောင်းတစ်ခုမှာ နေထိုင်နေရတာဆိုတော့ အခက်အခဲ အလွန်တွေ့နေကြရတယ်။ သံမံတလင်းမှာ အိပ်နေကြရတယ်။ စားရတာကတော့ ဖြစ်သလို စားသောက်နေရတယ်။ အတော်လေး ဒုက္ခတွေ့နေရပါတယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့ပေါ်မှာ နိုဝင်ဘာ ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေတာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာနေပြီး ကျေးရွာပေါင်း ၂၀ ကျော်ဟာ မြို့ပေါ်နဲ့နီးကပ်နေတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေးနေကြ ရပါတယ်။

အခုလို ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို သွားရေးလာရေး လွယ်ကူအောင် လုပ်ပေးမယ်ဆိုရင် စစ်ရှောင်တွေအတွက် အကူအညီတွေ ဖြစ်လာနိုင်တယ်လို့ ပေါက်တောမြို့က လူမှုအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်က ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် အရပ်ဘက်ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေပါ သွားလာလို့မရဘဲ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး ပိုမိုခက်ခဲလာနေပြီး ဆောင်းရာသီအတွက် အနွေးထည်နဲ့ စောင်တွေ အရေးပေါ်လိုအပ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနားရွာတွေက စစ်ဘေးရှောင်တွေဟာ အသက်ဘေးအန္တရာယ် ကင်းလွတ်မယ့် နီးစပ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အများဆုံး ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် သီဟိုအေးကျေးရွာ အုပ်ချုပ်ရေးမှူးက “ရခိုင်မှာ ကုန်စျေးနှုန်းက တအားမြင့်တက်နေတယ်။ တနေ့လုပ်မှ တနေ့ စားနေကြရတဲ့ ပြည်သူတွေ ဝင်ငွေမရှိ ဖြစ်နေကြရတယ်။ ကုန်စျေးနှုန်းက လမ်းတွေပိတ်ထားတော့ ပိုပြီး မြင့်တက်လာမှာ။ လမ်းတွေ ပြန်ဖွင့်ပေးဖို့လိုတယ်”လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် အေအေက နိုဝင်ဘာလ ၁၃ ရက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဒေသခံတွေ နေထိုင်ရာမြို့နဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လင်းအိမ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024