လောင်စာဆီ ရှားပါးပြတ်လပ်မှု ဆက်ဖြစ်နေတာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ရှေ့မှာ နေ့စဉ်ဆိုသလို မိုင်နဲ့ချီပြီး ဆီတန်းစီနေတဲ့ ယာဉ်တန်းတွေကြောင့် ယာဉ်ကြောပိတ်ဆို့နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မှာ စက်သုံးဆီကို ဆိုင်တိုင်းမရရှိဘဲ ဆီရတဲ့ဆိုင်တွေရှေ့မှာ ပြည်သူတွေ နေ့စဉ် တန်းစီစောင့်ဆိုင်းနေကြရပြီး နောက်တရက် မောင်းနှင်းနိုင်ဖို့အတွက် ညကတည်းက တန်းစီတာတောင် ဆီရဖို့ ရုန်းကန်နေကြရကာ တချို့ယာဉ်တွေဆိုရင် စက်သုံးဆီ လုံးဝပြတ်သွားတဲ့အတွက် ဆီဆိုင်ရှေ့ကို တွန်းပြီးသွားနေရတယ်လို့ သိရပါတယ်။
အငှားယာဉ်မောင်းတဦးက “မနေ့ည ၈ နာရီလောက်ကတည်းက ဘီအိုစီကွေ့က ဆိုင်အထိ ရောက်ဖို့ နည်းပညာတက္ကသိုလ်လောက်ကအထိ တန်းစီရတာ အခုမနက် ၁၀ နာရီထိုးတဲ့အထိ ရောက်ဖို့ ကားတမှတ်တိုင်စာလောက် လိုသေးတယ်။ ကိုယ့်အလှည့်ကျမှ ဆီပြတ်သွားရင်တော့ နောက်တရက် ထပ်စောင့်ရမယ့်အခြေအနေ”လို့ ပြောပါတယ်။
စက်သုံးဆီကို တန်းစီစောင့်ဆိုင်းရတဲ့အထဲမှာ အငှားယာဉ်တွေ၊ ကုမ္ပဏီအရောင်းကားတွေ၊ အိမ်စီးကားနဲ့ အချုပ်ကားတွေအပြင် ဘေးတွဲဆိုင်ကယ်တွေပါ တန်းစီနေကြရပြီး စက်သုံးဆီ အမျိုးအစားအလိုက်ကိုလည်း အကန့်အသတ်နဲ့သာရရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
သီလဝါဆိပ်ကမ်းမှာ ဆီတင်သင်္ဘာတွေရှိပေမဲ့ ကုမ္ပဏီတွေဘက်က ငွေပေးချေနိုင်တာမျိုး မရှိတာကြောင့် ဆီထုတ်ယူဖို့အတွက် ဆီဘောက်ဆာယာဉ်တွေလည်း တန်းစီစောင့်ဆိုင်းနေကြရ တယ်လို့လည်း ဘောက်ဆာယာဉ်မောင်းတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရန်ကုန်မြစ်ဝမှာ ဆီတင်သင်္ဘောတွေ စောင့်နေကြောင်း၊ စိတ်အေးချမ်းသားစွာ ဆီဝယ်ယူကြဖို့လိုကြောင်း၊ ဒီလို စက်သုံးဆီပြတ်တာ အချိန်ကာလတခုသာ ကြာမြင့်မှာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ယနေ့အထိဆိုရင် ရန်ကုန် အပါအဝင် မြို့အသီးသီးမှာ စက်သုံးဆီပြတ်တောက်နေတာဟာ သီတင်းတပတ်လောက်အထိ ရှိနေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းက ခရိုင်အလိုက်၊ မြို့နယ်စိစစ်ရေးအဖွဲ့တွေကို ဖွဲ့စည်းသွားမှာဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်တွေကို လိုက်လံစစ်ဆေးရမှာဖြစ်ကာ သိုလှောင်ကန်တွေအတွင်းမှာ စက်သုံးဆီရှိပေမယ့် ဖြန့်ဖြူးရောင်းချမပေးတဲ့ ဆိုင်တွေကို အရေးယူမယ်လို့ ညွှန်ကြားထားတာပါ။
ဒီလို စက်သုံးဆီပြတ်တောက်မှုတွေကြောင့် ရန်ကုန်မှာ ဆက်သုံးဆီတလီတာကို ကျပ် ၅၀၀၀ အထိ မှောင်ခိုဈေးကွက်မှာ ဈေးပေါက်နေပြီး စစ်ကောင်စီရဲ့ အရေးယူတာ မခံရစေဖို့ လက်သိပ်ထိုး ရောင်းချနေတာတွေလည်း ရှိနေပါတယ်။