ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဒီဇင်ဘာ ၁၀ ရက်က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ အယောက် ၂၀၀ လောက် စုရုံးချီတက်ခဲ့ပြီး အထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တက်ရောက်သူ တချို့ဟာ ပါလီမန်အဆောက်အအုံမှ တရားမျှတမှု အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပလေ့ရှိတဲ့ ဒီမိုကရေစီရင်ပြင်ဆီကို ချီတက်ခဲ့ကြပြီး နိုင်ငံခြားသံတမန်တွေလည်း ချီတက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အခုနှစ်အတွင်း နိုင်ငံတော်ပုန်ကန်မှု စွဲချက်နဲ့ ထောင်ဒဏ် ၂၇ နှစ် နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ကမ်ဆောကာကို လွှတ်ပေးဖို့ မျှော်လင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပက်ထရစ်မာဖှီက ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘောဒီးယားပြည်သူတွေနဲ့ နိုင်ငံကိုလည်း ပိုကြွယ်ဝပြီး ဒီမိုကရက်တစ် တိုင်းပြည်ဖြစ်စေချင်တဲ့ ဆန္ဒအမှန်ကို ထုတ်ပြောတဲ့ အသံတွေအားလုံးကိုလည်း လေးစားပါတယ်”လို့ အမေရိကန် သံအမတ်က ပြောပါတယ်။
ကမ္ဘောဒီးယားလူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ADHOC) ဥက္ကဋ္ဌ ဆိုးကာ့က “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တက်ကြွစွာ ကျင့်သုံးတာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ လူ့အခွင့်အရေးသမားတွေကနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအထိ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ဒါမှမဟုတ် ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးဖို့ အစိုးရကို မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လွတ်လပ်မှုရဖို့အတွက် အဲဒီလွတ်လပ်ခွင့်ကို အာမခံဖို့ တရားမျှတမှု (ဥပဒေ)ကို လိုအပ်နေတယ် လို့လည်း ဆိုပါတယ်။
ကမ္ဘောဒီးယားမှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အတိုက်အခံ ပါတီဝင် ဒါမှမဟုတ် ထောက်ခံသူ ၁၀၀ ကျော်ကို နိုင်ငံတော်သစ္စာဖောက်မှု၊ လှုံ့ဆော်မှုတို့နဲ့ တရားစွဲဆိုထားတာပါ။
အစိုးရဟာ အတိုက်အခံတွေကို ပစ်မှတ်ထားတယ်ဆိုတာကို အရင်က ငြင်းဆိုခဲ့တာဖြစ်ပြီး တရားရုံးတင် စစ်ဆေးမှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်တာ မဟုတ်ကြောင်း ပြောထားပါတယ်။
Source/Photo - LICADHO | Credit: via REUTERS