စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းကို ပြေးဆွဲပေးနေတဲ့ ကလေး-မုံရွာ-မန္တလေး-ရန်ကုန် မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခဈေးဟာ ကျပ် ၃ သောင်း ဝန်းကျင် ထပ်မံမြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းစင်တာတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၇ ရက်က စတင်ကာ ဈေးနှုန်း ပြောင်းလဲသွားတာဖြစ်ပြီး ယခင်ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ဈေးဟာ ၃၂၀,၀၀၀ ကျပ်ကနေ ၃၅၀,၀၀၀ ကျပ်၊ ရန်ကုန်-ကလေးလေယာဉ် လက်မှတ်ဟာ ၂၅၅,၀၀၀ ကနေ ၂၉၅,၀၀၀ ကျပ်အထိ မြင့်တက်သွားပါတယ်။
လေယာဉ်လက်မှတ်အရောင်းဆိုင်ဝန်ထမ်းတဦးက "အခုကလေယာဉ်မှတ်ဈေးက မြို့အားလုံး တက်သွားတာ။ ကလေး- မန္တလေးအသွားအပြန်က ၁၅,၀၀၀ လောက်တက်တယ်။ ကလေး-မုံရွာ အသွားအပြန်က ၂၀,၀၀၀ နီးပါးတက်သွားတယ်" လို့ ပြောပါတယ်။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို သွားဖို့ ကုန်းကြောင်းက တိုက်ပွဲတွေနဲ့ လမ်းကြောပိတ်ဆို့မှုတွေကြောင့် လေကြောင်းခရီးကို အသုံးပြုသူများလာတာလို့ ကလေးမြို့ခံတွေက ပြောပါတယ်။
လေကြောင်းလိုင်းနဲ့ ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းက မြို့တွေဖြစ်တဲ့ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့တွေကို ပြေးဆွဲပေးနေပြီး ယခင်က မြန်မာ့လေကြောင်း၊ ကမ္ဘောဇလေကြောင်းနဲ့ အဲသံလွင်လေကြောင်း လေကြောင်း ၃လိုင်းနဲ့ ပြေးဆွဲခဲ့ရာကနေ အခုအခါမှာတော့ မြန်မာ့ လေကြောင်းလိုင်း တလိုင်းသာ ပြေးဆွဲတော့တယ်လို့သိရပါတယ်။