ရခိုင်ပြည်နယ်၊ စစ်တွေမြို့ထဲကို ဒီဇင်ဘာ ၇ ရက် ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်ပစ်ဝင်လာပြီး အေးငြိမ်းပုဂ္ဂလိကဆေးရုံမှ ဝန်ထမ်းနှစ်ယောက်ကို ဖမ်းဆီးသွားကြောင်း မြို့ခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခန့်က စစ်တွေမြို့ လမ်းမတွေပေါ် နေရာသုံးလေးခုကို စစ်ကောင်စီတပ်က ပစ်ခတ်ဝင်လာတာလို့ စစ်တွေမြို့ခံတွေက ဆိုပါတယ်။
မျက်မြင် စစ်တွေဒေသခံတဦးက “စစ်ကောင်စီတပ်တွေ လောနန္ဒာ ခွဆုံကနေ စစ်တွေမြို့တွင်းထဲကို သေနတ်ပစ်ဝင်တာ ၂ ခါရှိပြီဗျ။ မနေ့ကလည်း အဲ့ဒီ ခွဆုံကနေ သေနတ်ပစ်ပြီး ဝင်လာကြတာ။ အေးငြိမ်းဆေးရုံက ဝန်ထမ်း ၂ ဦးက ကွမ်းယာဝယ်ပြီး ပြန်လာတဲ့အချိန်မှ ဖမ်းဆီးသွားတာလို့ သိရတယ်” လို့ ပြောပါတယ်။
လက်ရှိ အဆိုပါ အေးငြိမ်းပုဂ္ဂလိဆေးရုံမှ ဝန်ထမ်းနှစ်ယောက်ကို စစ်တွေမြို့မအမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။
အလားတူ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အသက် ၆၉ နှစ်အရွယ် နိုင်ငံရေးသမားဟောင်း ဦးဖိုးလှကိုလည်း ဒီဇင်ဘာ ၂ ရက် ည ၆ နာရီက သူ့နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မျက်နှာအဝတ်စည်းပြီး ဖမ်းဆီးသွားကြောင်း မိသားစုဝင်တွေထံက သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက် ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီးနောက် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ထိတွေ့တိုက်ပွဲတွေ အရှိန်မြင့်လာသလို စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်သူတွေကို ဖမ်းဆီးတာ၊ ဧည့်စာရင်း စစ်ဆေးတာတွေ တင်းကျပ်စွာ ဆောင်ရွက်လာနေတာ ဖြစ်ပါတယ်။