ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့လက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ စစ်ကောင်စီ မကောင်းတဲ့အကြောင်း ရေးတင်လို့ဆိုပြီး အမျိုးသမီးတွေအပါအဝင် လူ ၃၃ ယောက်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အဖမ်းခံရတဲ့ ၃၃ ယောက်မှာ အမျိုးသမီး ၁၁ ယောက်အထိ ပါရှိပြီး ကျန်တဲ့သူတွေဟာ လူငယ်အမျိုးသားတွေဖြစ်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖုန်းတွေကိုယူကြည့်ပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “စစ်ကောင်စီက သူတို့ တားမြစ်ကန့်သတ်ထားတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတွေကို အသုံးပြုတဲ့ ဖုန်းကနေတဆင့် လူမှုကွန်ရက်ပေါ်ကို ရေးတင်တာနဲ့ မျှဝေတာကြောင့်ဆိုပြီး ဖမ်းတာ။ အားလုံး အယောက် ၃၀ ကျော်မယ်၊ မိန်းကလေးတွေလည်းပါတယ်” လို့ ပြောပါတယ်။
အဲ့ဒီ အဖမ်းခံရတဲ့ ဒေသခံ ၃၃ ယောက်မှာ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဟင်္သာတ၊ ပုသိမ်၊ ဘိုကလေး၊ ပန်းတနော်၊ ဇလွန်၊ မြန်အောင်၊ ကြံခင်းနဲ့ ဇလွန်မြို့နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ဒေသခံတဦးက “အဖမ်းခံရတဲ့သူတွေထဲ မိန်းကလေးတွေပါတယ်။ လူမှုကွန်ရက်ပေါ် ရေးမတင်လည်း လာဖမ်း၊ ဖုန်းသိမ်းပြီး ငွေညှစ်ချင်တော့ ခေါင်းစဉ်တပ်လိုက်တာ။ စစ်ကောင်စီက အကုန်ကန့်သတ်နေတာ၊ လူတွေပါးစပ်တွေပါ ပိတ်လို့ရရင် ပိတ်မှာ။ သူတို့လုပ်ရပ်က မကောင်းတော့လေ” လို့ ပြောပါတယ်။
ဖမ်းဆီးခဲ့သူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ပုဒ်မတွေနဲ့ အများဆုံး အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။