Home
မြန်မာသတင်း
ရှမ်းတောင်တွင် ဘိန်းစိုက်ပျိုးသူများလာပြီး ဘိန်းဈေးကျ 
DVB
·
December 8, 2023
col 8122023

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်ပျိုးတဲ့ ဘိန်းတွေဟာ အခုနှစ်မှာ ဈေးအနည်းငယ် ပြန်ကျသွားတဲ့အတွက် တပိဿာ ကျပ်  ၉ သိန်းကျော်ပဲ ရရှိတော့တယ်လို့ ဘိန်းစိုက်တောင်သူတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုံး၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ မောက်မယ်၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေဘက်မှာ စစ်အာဏာသိမ်းပြီးတဲ့နှစ်ကစပြီး ဘိန်းတပိဿာ ၁၃ သိန်းအထိ ရရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးတာတွေ ပြန်လည်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့နယ်ထဲမှာ ဘိန်းစိုက်ပျိုးတဲ့ ဒေသခံတဦးက “အခုနှစ်ကတော့ တလုံးကို(တပိဿာ) ၉ သိန်းကျော်ပဲ ရတော့တယ်။ စိုက်တဲ့လူ များလာတာလည်း ပါတာပေါ့။ အခွန်ဆောင်ရတာဆိုရင် ၁ ဧကကို ၂ သိန်းကျော် ပေးရတယ်။ ကျနော်တို့ဒေသမှာဆိုရင် ပအိုဝ်းစစ်သားနှစ်ဖွဲ့ရှိတာ နှစ်ဖွဲ့လုံးကို ပေးရတယ်။ ပြီးရင် အစိုးရ ရဲနဲ့ စစ်သားကိုလည်း သပ်သပ်ထပ်ပေးရတယ်” လို့ ပြောပါတယ်။

ဘိန်းခွန်ကို ပအိုဝ်းစစ်သားနှစ်ဖွဲ့ရှိပြီး ပအိုဝ်းအမျိုးသားပါတီရဲ့ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့တွေက ကောက်ခံတယ်လို့ ဘိန်းစိုက်တောင်သူတွေက ပြောပါတယ်။

ဟိုပုံးမြို့နယ်မှ ဘိန်းစိုက်တောင်သူတဦးက “စိုက်တာပေါ့၊ ပန်းတွေပွင့် အသီးစသီးပြီဆိုရင် စစ်သားတွေ ရောက်လာတယ်။ အခွန်ဆောင်ရင် ကြိုက်သလောက်စိုက်လို့ရတယ်။ ဒါပေမဲ့ သူစိုက်ကိုယ်စိုက် ဆိုတော့ အခုလို ယူတဲ့အချိန်ဆို လူငှားလို့မရဘူး၊ တအားစိုက်ကြတယ်” လို့ ပြောပါတယ်။

မြို့နဲ့ဝေးတဲ့ ကျေးလက်ဒေသတွေ၊ တောင်ပေါ်ဒေသတွေမှာ စားသီးနှံစိုက်ပျိုးပေမဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြောင့် စိုက်ပျိုးစရိတ်အနေနဲ့ တဧက ကျပ် ၁၅ သိန်းနီးပါး ကုန်ကျပြီး ဘိန်းစိုက်ကုန်ကျစရိတ် ကျပ် ၈ သိန်းကျော်ပဲ ကုန်ကျတဲ့အပြင် ၈ ပိဿာကျော် ပြန်ရတာကြောင့် ဘိန်းစိုက်ပျိုးသူ များလာတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း တက်လာပြီး ဘိန်းထုတ်လုပ်မှု ၂ ဆနီးပါး မြင့်တက်လာတဲ့အပြင် စိတ်ကြွမူးယစ်ဆေး မက်သာဖက်တမင်း ထုတ်လုပ်မှုတွေပါ တရှိန်ထိုး ပြန်လည်မြင့်တက်ခဲ့ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးဟာ ရှမ်းပြည်နယ်ဖြစ်ပြီး စိုက်ပျိုးမှုဟာ တနိုင်ငံလုံး အတိုင်းအတာအရ ၃၉ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024