Home
မြန်မာသတင်း
ကွတ်ခိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရ
DVB
·
December 7, 2023
Kut Khaing_07122023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စုမှာ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီကျော်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့်  ကလေးငယ်တဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု မန်မိုင်ရွာမှာနေတဲ့ အသက် ၁ နှစ်ခွဲအရွယ် စိုင်းဇင်နဲ့ အသက် ၃၇ နှစ်အရွယ် စိုင်းနော် ဆိုသူတို့ လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိကြပြီး နေအိမ်တလုံးလည်း ပျက်စီးသွားတယ်လို့ နမ့်ဖတ်ကာဒေသခံ‌တွေဆီက သိရပါတယ်။

ကွတ်ခိုင်မြို့ခံ အမျိုးသားတဦး​က “အခုက လူတော့ မသေဘူးပေါ့နော်။ ကလေးက လက်ထိတယ်၊ အကြီးကောင်က ဗိုက်နဲ့ လက်ပြင်ထိတယ်။ ပြီးခဲ့တဲ့အပတ်က ဟိုနောင်ရွာဘက်မှာ လူ ၃ ယောက်သေတယ်” လို့ ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် တုံဆင့်အောက်ရွာမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် ည ၁၀ နာရီကျော်လောက်က လက်နက်ကြီးကျည် အိမ်ပေါ်ကို ကျရောက်လာတာကြောင့် မိသားစုဝင် ၆ ဦးထဲမှာ ၃ ဦး သေဆုံးသွားပြီး ကျန် ၃ ဦးကိုလည်း ဆေးရုံတင်ပို့‌ထားရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေ ဖော်ဆောင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” တလကျော်အတွင်းမှာပဲ စစ်ကောင်စီတပ်က ပစ်ခတ်နေတဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ကွတ်ခိုင်မြို့နယ်ထဲမှာ အမျိုးသမီး ၅ ဦးနဲ့ ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ကွတ်ခိုင်မြို့ခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024