စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက NUG ပညာရေးကျောင်းတကျောင်းကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းမှ လှူဒါန်းငွေနဲ့ ဒုတိယအကြိမ်မြောက် စာသင်ကျောင်းဆောင် တဆောင်ကို ဒီဇင်ဘာ ၆ ရက်က ဆောက်လုပ် လှူဒါန်းနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံတဦးက “ဆားလင်းပြီးမြို့နယ်ထဲမှာပါဗျ။ စာသင်ဆောင်က ၉ ပေခန်း ၄ ခန်းဗျ။ တန်ဖိုးက ၂၃ သိန်းကျော်တယ်ဗျ။ ‘စာသင်ဆောင်အလှူ ဝိုင်းလို့ကူ’ ကမ်ပိန်းမှာ ပါဝင်တဲ့ Clean Yangon နဲ့ ကမ်ပိန်းရရှိငွေနဲ့ လှူဒါန်းခဲ့တာပါ။ စာသင်ဆောင်လှူဒါန်းမှု အရေအတွက်ကတော့ ၂ ဆောင်ေမြာက်ပါ။ နောက်ထပ် နောက်ထပ်လည်း စာသင်ဆောင်တွေ လှူသွားဖို့ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့က “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်း ပြုလုပ်ပြီး ရရှိလာတဲ့ အလှူငွေတွေနဲ့ ဒုတိယမြောက် စာသင်ဆောင်ကို လှူဒါန်းခဲ့တာဖြစ်ပြီး အဲဒီစာသင်ဆောင်အတွက် ငွေကျပ် ၂၃ သိန်းကျော် ကုန်ကျကာ ပညာသင်ယူဆည်းပူးကြမယ့် ကလေးငယ်တွေ အမိုးအကာအောက်မှာ လုံခြုံစွာ ပညာသင်ကြားနိုင်ဖို့အတွက် ရည်ရွယ် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စာသင်ကျောင်းမှာ ကျောင်သား၊ ကျောင်းသူ ဦးရေ ၄၀၀ ကျော် ပညာသင်ကြားနေကြောင်း သိရပါတယ်။