တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇီးကျရွာမှာရှိတဲ့ ထားဝယ်အကျဥ်းထောင်အသစ် လုပ်ငန်းခွင်နဲ့ ရေဖြူမြို့အဝင်တိုးဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လာရောက်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီဝန်းကျင်က ဇီးကျရွာရှိ တိုးဂိတ် စတင်မီးလောင်ကျွမ်းခဲ့ပြီးနောက် ရွာအဝင်လမ်းဆုံမှာ သေနတ်သံ ၁၃ ချက် ကြားရကြောင်း ဇီးကျရွာသားတဦးက ပြောပါတယ်။
“တိုးဂိတ်မှာ ပိုက်ဆံကောက်တဲ့ ရုံးခန်းတွေက မီးကျွမ်းနေတယ်။ တယောက်မှလည်း မရှိဘူး” လို့ ဒီဇင်ဘာ ၆ ရက်က အဆိုပါ ဇီးကျရွာတိုးဂိတ်ကို ဖြတ်လာတဲ့ ယာဥ်မောင်းတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်ကလည်း ဇီးကျရွာအနီးမှာရှိတဲ့ ထားဝယ်အကျဥ်းထောင်အသစ် လုပ်ကွက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်လာပြီး လုပ်ငန်းခွင်သုံး စက်ကြီးတချို့နဲ့ အလုပ်သမားတဲတချို့ကို မီးရှို့ခဲ့ကြောင်း အလုပ်သမားတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ရွာသားတွေက ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ အလုပ်သမား ၆ ဦးလည်း အဖမ်းခံထားရကြောင်း ဖော်ပြတဲ့အတွက် ရွာသားတွေထံ အတည်ပြုမေးမြန်းရာ ရွာသားတွေက အတိအကျ မသိရကြောင်း ပြောပါတယ်။
အဆိုပါဖြစ်စဥ်တွေအနီး စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။
ဇီးကျရွာအနီးရှိ ထောင်အသစ်လုပ်ငန်းခွင်နဲ့ တိုးဂိတ်တွေ မီးရှို့ခံရအပြီး ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ကောင်စီဂိတ်မှာ စစ်သားအင်အား တိုးထားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ထားဝယ်ထောင်အသစ်ကို စစ်ကောင်စီက ထားဝယ်နည်းပညာတက္ကသိုလ် အနီးရှိ မှီအုံးတောင် ဘုရားတောင်ခြေက ဘေးမဲ့ဧရိယာ မြေဧက ၁၂ ဧကပေါ်မှာ ဩဂုတ်လကစပြီး အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။