ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် ညပိုင်းက စစ်ဘေးရှောင်လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် မီးဖွားစဥ် မိခင်ရောကလေးပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းရွာဟောင်းမှာ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခွဲလောက်က ရသေ့တောင်မြို့နယ်ဘက်က စစ်ဘေးရှောင်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် မီးဖွားရာမှာ မိခင်ရောကလေးပါ သေဆုံးခဲ့ရတယ်လို့ ဒိုးတန်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးကတော့ ရသေ့တောင်မြို့နယ် ငတောက်တူချေ ကျေးရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်မဌေးဝင်း ဖြစ်ပြီး ကိုယ်ဝန်အရင့်အမာနဲ့ စစ်ဘေးရှောင်ရင်း အရန်သားဖွားဆရာမနဲ့ မီးဖွားရာက သွေးဆိပ်တက်ပြီး မိခင်ရောကလေးပါ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
သူဟာ ရသေ့တောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၁၃ ရက် တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာမှာမနေရဲတော့ဘဲ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့သူ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေကို ဖြတ်တောက် ပိတ်ဆို့လိုက်လို့ ဆေးရုံဆေးခန်းကို သွားရောက် မီးမဖွားနိုင်တာကြောင့် မိခင်ရော ကလေးပါ အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတော့ ဘေးလွတ်ရာကို ပြေးရင်းလွှာရင်းနဲ့ ကိုယ်ဝန်သွေးအဆိပ် တက်သွားတဲ့သဘောပါ။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ ကျန်မာရေးဝန်ထမ်းတွေနဲ့သာ မီးဖွားခွင့်ရရင် အခုလို အသက်ဆုံးရှုံးမှာမဟုတ်ဘူး” လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားတဲ့အပြင် ပြည်သူလူထုကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။