တန်ဆောင်မုန်းလပြည်ကျော် ၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးကနေ စစ်ပြေးနဲ့ စစ်စည်းကမ်းဖောက်ဖျက်သူအပါအဝင် ထောင်ကျစစ်မှုထမ်းဟောင်းတွေကို စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ လာရောက်ခေါ်ထုတ်နေတယ်လို့ ထောင်ဝန်ထမ်းတွေထံက သိရပါတယ်။
မန္တလေး အိုးဘိုထောင်ဝန်ထမ်းတဦးက “ပြည်ထောင်က အယောက် ၄၀ လွှတ်မှာ၊ သူတို့ကို အိမ်ပေးမပြန်တော့ဘူး။ အကုန် ဒကစကို ခေါ်သွားပြီး အဲ့ဒီကျမှ ဘယ်လိုလုပ်မလဲမသိဘူး။ သူတို့အားလုံးက စစ်တပ်မှာ ပြန်လည်တာဝန်ထမ်းဆောင်ရမယ်။ မထမ်းဆောင်ရင် နှစ် ၆၀ ထောင်ပြန်ချခံရမယ်ဆိုတာကို အားလုံးလက်မှတ်ထိုးရတယ်။ မထိုးဘဲ မလွတ်ချင်ရင်လည်း မရဘူး။ နာမည်စာရင်းပါတဲ့သူ အကုန်ထွက်ရမှာ။ ထောင်ရှေ့မှာတော့ စစ်ကားတွေရောက်နေပြီ” လို့ ပြောပါတယ်။
ပေါင်းတည်မြို့မရဲစခန်းမှ နယ်ထိန်းတယောက်က “ပေါင်းတည်ထောင်မှာ စစ်ပြေးနဲ့ စစ်စည်းကမ်းဖောက်သူ ၁၇ ယောက် လွှတ်ပေးတယ်။ CDM လုပ်ပြီး နိုင်ငံရေးကြောင့် ထောင်ကျနေတဲ့ စစ်သားလေးတွေတော့ ကျန်တယ်၊ သူတို့တော့ မလွှတ်ဘူး။ သူတို့တတွေ လက်မှတ်တွေတော့ ထိုးရတယ်။ ဘာအတွက်လဲဆိုတာတော့ မသိဘူး။ စစ်ကားတွေနဲ့ လာခေါ်တာ။ သူတို့အိမ်တွေက မသိကြဘူး။ ဘယ်သူမှ လာမကြိုကြဘူး” လို့ ပြောပါတယ်။
အခုလို စစ်ပြေး ရဲပြေးတွေကို ထောင်ကနေ လာခေါ်ထုတ်သွားတာနဲ့ ပတ်သက်ပြီး မန္တလေး အိုးဘိုထောင်က တာဝန်ရှိသူကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
နိုင်ငံအနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ စစ်မျက်နှာအများအပြား ဖွင့်နေရပြီး တပ်ရင်းလိုက် အလင်းဝင်သွားတာ၊ ထွက်ပြေးတာ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာနဲ့ တိုက်ပွဲတွေမှာ သေဆုံး ဒဏ်ရာရတာတွေ များနေတာတွေကြောင့် ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေကိုပါ ပြန်စည်းရုံးပြီး တိုက်ပွဲဝင်ခိုင်း နေရတာပါ။
ဒါ့အပြင် ခွင့်မဲ့နဲ့ စစ်ပြေး စစ်သားတွေ မူလတာဝန်ပြန်ပြီး ထမ်းဆောင်မယ်ဆိုရင် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စည်းရုံး ဖိတ်ခေါ်ထားပါတယ်။
နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်မှာ ပြန်လည်တာဝန် ထမ်းဆောင်လို ကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်တွေက ဆက်သွယ်တင်ပြလာမှုအရ သတ်မှတ်ကာလနဲ့ အကျုံးဝင်တဲ့ စစ်သည်တွေကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာ တပ်တွေမှာ ပြန်လည်လက်ခံပေးသွားမယ်လို့ စစ်ကောင်စီကဆိုပါတယ်။
စစ်ကောင်စီက အမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ တိုက်ပွဲတွေမှာ သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို သူရဘွဲ့၊ သူရဲကောင်းမှတ်တမ်း၊ ရဲသူရ၊ ရဲဗလ စတဲ့ဘွဲ့တွေပေးကြောင်း စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြပါတယ်။