မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၂၄၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၅၀၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၂၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၂၆၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၇၈၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာ ၆ ရက်အထိ ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး ၂၁ ယောက်နဲ့ အမျိုးသား ၅၁ ယောက်၊ စုစုပေါင်း ၇၂ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၈ ယောက် ပါဝင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မချစ်စုထွန်း (ခ) ချစ်ပုကို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့ပြီး ပုသိမ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖောက်ခွဲမှုတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ ပုသိမ်ထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂၊ ၅၄ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) တို့နဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ မချစ်စုထွန်း (ခ) ချစ်ပုကို ပြီးခဲ့တဲ့ ဇွန်လတုန်းက သူ့ရဲ့နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။