တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးရုံး (စရဖရုံး) ကို ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လောင်းလုံးမြို့ခံတဦးက “မနက်စောစော လာပစ်ကြတယ်။ အသံတွေကြားရတာ ခဏပါပဲ။ လာပစ်ကြတာလောက်ပဲ ထင်တယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လောင်းလုံး အထကအနီးရှိ လမ်းဆုံမှာ အစစ်အဆေး တင်းကျပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ်နဲ့ ဘယ်အဖွဲ့က ဒီဇင်ဘာ ၆ ရက် ညနေပိုင်းအထိ ထုတ်ပြန်တာ မတွေ့ရသေးတာကြောင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လောင်းလုံးမြို့က စရဖရုံးဟာ အခုတကြိမ် အပါအဝင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက်ခံနေရတာ နှစ်ကြိမ်ရှိနေပြီလို့ သိရပါတယ်။
အခုနှစ် မတ်လက လောင်းလုံး စရဖရုံး အပါအဝင် လောင်းလုံးမြို့က လဝကရုံးနဲ့ ရဲစခန်းတို့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။