နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အထူးအယူခံအမှုတွေကို ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆီကနေ ရွှေနဲ့ ဒေါ်လာတွေ လာဘ်စားတယ်ဆိုတဲ့အမှု၊ ဒီဇင်ဘာ ၅ ရက်နေ့က ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အမှု ၅ မှုနဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအမှုတွေကို ကြားနာခဲ့တာ ဖြစ်ပါတယ်။
တရားရေးနဲ့ နီးစပ်သူတဦးက “ဒီဇင်ဘာ ၄ ရက်နေ့မှာ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့ အမှုက နှစ်ဖက်ကြားနာပြီး သင့်တော်တဲ့နေ့မှာ အမိန့်ချမယ်ဆိုပြီး သီးသန့်ထားတယ်။ ဒီနေ့ ရဟတ်ယာဉ်အမှုရယ်၊ လျှို့ဝှက်အက်ဥပဒေအမှုတွေရယ်ကလည်း လက်ခံပေးဖို့ လျှောက်တယ်။ အဲဒါလည်း သင့်တော်တဲ့နေ့မှာ အမိန့်ချမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ကျခံနေရာကနေ လွတ်ငြိမ်းသက်သာခွင့်တွေ ပေးခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ သီးသန့်အဆောက်အဦတခုမှာ ထားသလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင် ပို့ဆောင်ထားပါတယ်။
အမှုအတွက် ရှေ့နေတွေနဲ့ အမှုသည်တွေ ဆွေးနွေးဖို့ လိုအပ်တာကြောင့် တွေ့ခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုထားပေမဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီက ခွင့်ပြုမပေးဘူးလို့လည်း သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဇနီးဖြစ်သူ သမ္မတကတော် ဒေါ်ချိုချိုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးခဲ့ပါတယ်။