ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က စစ်ကောင်စီလုံခြုံရေးစခန်းတခုကို ဒီဇင်ဘာ ၄ ရက် ညပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ပူးပေါင်းတော်လှန်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
မိုးညှင်း အင်းတော်ကြီးလမ်းပိုင်း ဘီလူးမြို့အနီးက ရေအားလျှပ်စစ်လုံခြုံရေးဂိတ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ည ၁၂ နာရီလောက်က လုံခြုံရေးဂိတ်ကို KIA နဲ့ PDF က လာပစ်တာ။ အဲ့ဒီနားမှာ ပြည်သူ့စစ်စခန်းလည်း ရှိတယ်။ ပစ်လိုက် နားလိုက်ပဲ။ စစ်တပ်ဘက်ကတော့ ဒီမနက်ပိုင်းအထိ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာပဲ။ အဲ့ဒီလမ်းပိုင်းကိုလည်း အသွားအလာ ပိတ်ထားတယ်။ နှစ်ဖက် အကျအဆုံး အခြေအနေတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး” လို့ ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ PDF က သွားရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းဟာ မိုးညှင်းဒေသခံ ပြည်သူ့စစ်နဲ့ ခြေလျင်တပ်ရင်း ခလရ ၁၅ တို့ ပူးပေါင်းလုံခြုံရေးယူထားတဲ့ မြန်မာနိုင်ငံအထက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး (ရေဒါစခန်း) အတွက် သီးသန့်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ် လုံခြုံရေးဂိတ်တခု ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း “ကချင်ပြည်နယ်၊ ဘီလူးမြို့အနီးရှိ စကစစခန်းအား ယနေ့နံနက် KIA သိမ်းပိုက်။ လက်နက်ခဲယမ်းများစွာရရှိ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာလည်း ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက် ၈ နာရီက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆားလင်းကြီးမြို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာလည်း ဂျက်တိုက်လေယာဉ်နဲ့ ကောင်းကင်ကနေ ဝဲပျံသန်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့ ဒေသခံတဦးက “မနက်ခင်းက တိုက်ပွဲဖြစ်တယ်လေ။ စစ်ကောင်စီဘက်က အလှူကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ပစ်တာ။ အလှူကတော့ စစ်ကောင်စီနဲ့ နီးစပ်သူတွေပဲ သွားကြတာ။ ကျန်တဲ့အရပ်သားတွေကတော့ အဲဒီအလှူကို ဘယ်သူမှ မသွားကြဘူး။ ပစ်တဲ့အသံပဲ ကြားရတာလေ၊ သွားလည်းမကြည့်ရဲတော့ ဘယ်လောက်ထိခိုက် သေဆုံးတယ်ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။
အခုပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တူမီးတပ်ဦးအဖွဲ့၊ မင်းလက်ဝါးအဖွဲ့၊ ဗိုလ်skyအဖွဲ့၊ ဟိန္နကတပ်စု တော်လှန်ပြောက်ကျားနဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပါင်းတိုက်ခိုက်ခဲ့တာလို့ သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ယင်းမာပင် ဟိန္နကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ကိုကင်းက “စစ်ကောင်စီဘက်က အလှူပွဲလုပ်မယ်ဆိုတဲ့ သတင်းက အစောပိုင်း လေးငါးရက်လောက်ကတည်းက ကျနော်တို့ အဖွဲ့တွေ သတင်းကြိုရထားတယ်။ အဲလိုသိလို့ ကျနော်တို့ သွားရောက်ပစ်ခတ်ရင်း တိုက်ပွဲဖြစ်ကြတာဗျ။ ကျနော်တို့ဘက်က ကနဦးပစ်ခတ်နိုင်တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက် ကျဆုံးတာတွေ ရှိနိုင်တယ်ဗျ။ အတိအကျတော့ စုံစမ်းနေဆဲပဲဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလိုပစ်ခတ်ခံရပြီး ရဲစခန်းအတွင်းကနေ ပြန်လည်ပစ်ခတ်ခဲ့ကာ မြို့အဝင်အထွက်ဂိတ်တွေကို လုံခြုံရေး တိုးမြှင့်ချတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်လို့ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။