ဂျပန်နိုင်ငံရဲ့ အနောက်ဘက်အကျဆုံးကျွန်းဖြစ်ပြီး ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက် ၆၈ မိုင် အကွာမှာ လူပေါင်း ၁,၇၀၀ လောက်ပဲရှိတဲ့ ယိုနငုနိကျွန်းရဲ့ မြို့တော်ဝန် ခဲနိချိ အစ်တိုခါ့ဇုက တရုတ်-ထိုင်ဝမ် ပဋိပက္ခ ဖြစ်လာခဲ့ရင် မပြင်ဆင်ရသေးတဲ့ အနေအထားအတွက် စိုးရိမ်နေတယ်လို့ ပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေ ကြီးထွားလာတာနဲ့အမျှ တရုတ်-ထိုင်ဝမ် ပဋိပက္ခ ဖြစ်လာခဲ့ရင် ထွက်ပြေးလာမယ့် ထိုင်ဝမ်သားတွေအတွက် ဒီကျွန်းက ခိုလှုံစရာ ဖြစ်လာနိုင်တယ်လို့ ဒေသတွင်းနဲ့ နိုင်ငံလုံးဆိုင်ရာ ဂျပန်အရာရှိတွေက ယုံကြည်ထားကြတာပါ။
ကျွန်းပေါ်က ဒေသခံ ရင်ဆိုင်ရနိုင်တဲ့ ဘေးအန္တရာယ်တွေအတွက် ပြင်ဆင်မှုတာဝန်ခံ အရာရှိ ခိုဂျိ စုငါ့မာ့ကလည်း အဆိုးဆုံးအခြေအနေ ဖြစ်လာခဲ့ရင် လက်ရှိ အရေးပေါ် ထောက်ပံ့ရေးအဆင့်က လုံလောက်မှာမဟုတ်ဘူးလို့ ထင်မြင်ကြောင်း ပြောပါတယ်။
ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကလည်း အစိုးရအစီအစဉ်နဲ့ မတုံ့ပြန်သေးဘူးလို့ ဂျပန်စစ်တပ်က စစ်သားဟောင်းဖြစ်သူ မြို့တော်ဝန်က ဆက်ပြောပါတယ်။
အခုအချိန်အထိ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတာအတွက် ဂျပန်အစိုးရရဲ့ တုံ့ပြန်မှုဟာ စစ်အသုံးစရိတ်အပေါ် အာရုံစိုက်ခဲ့ပြီး လာမယ့်ငါးနှစ်အတွင်း နှစ်ဆတိုးဖို့ ဂျပန်ဝန်ကြီးချုပ်က စီစဉ်ထားပါတယ်။
နိုဝင်ဘာလတုန်းက ဂျပန်စစ်တပ် SDF ဟာ ဂျပန်အနောက်တောင်ပိုင်းမှာရှိတဲ့ ကျွန်းစုတွေမှာ စစ်ရေးလေ့ကျင့်ခဲ့ပြီး ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ သရုပ်ပြခဲ့ပါတယ်။
ဒီရာစုနှစ်မှာ ဂျပန်နိုင်ငံဆီ ရောက်လာတဲ့ ဒုက္ခသည် အယောက် ၁၈,၀၀၀ ဝန်းကျင်လောက် ရှိပြီး အများစုကတော့ မြန်မာနိုင်ငံကနေ ရောက်လာတာလို့ ရွှေ့ပြောင်းနေထိုင်မှုမူဝါဒ အင်စတီကျုက ပြောပါတယ်။
အခုနှစ် ဇူလိုင်လမှာ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟိရိုခဇုမတ်စုနိုက ယိုနာငုနိကျွန်းဆီ လာရောက်လည်ပတ်ချိန်မှာ မြို့တော်ဝန်က ထိုင်ဝမ်ဒုက္ခသည်တွေ ရောက်လာခဲ့ရင် ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။
Source/Photo-Reuters