Home
မြန်မာသတင်း
စစ်ပြေးများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဟု စစ်ကောင်စီ ဖိတ်ခေါ်
DVB
·
December 4, 2023
DVB News Web01

စစ်ကောင်စီတပ်က ခွင့်မဲ့နဲ့ စစ်ပြေး စစ်သားတွေ မူလတာဝန်ပြန်ပြီး ထမ်းဆောင်မယ်ဆိုရင် ပြစ်ဒဏ်တွေကို  လွတ်ငြိမ်းခွင့်ပေးမယ်လို့ စစ်ကောင်စီကစည်းရုံး ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်မှာ ပြန်လည်တာဝန် ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်တွေက ဆက်သွယ်တင်ပြလာမှုအရ သတ်မှတ်ကာလနဲ့ အကျုံးဝင်တဲ့ စစ်သည်တွေကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာ တပ်တွေမှာ ပြန်လည်လက်ခံပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဝက်ဘ်ဆိုက်မှာ ဒီဇင်ဘာ ၃ ရက်က သတင်းထုတ်ပြန် ဖိတ်ခေါ်လိုက်တာပါ။

နိုင်ငံအနှံ့မှာ တော်လှန်တိုက်ခိုက်တာကို ခံနေရတဲ့ စစ်ကောင်စီဟာ စစ်မျက်နှာ အများအပြား ဖွင့်နေရပြီး တပ်ရင်းလိုက် အလင်းဝင်သွားတာ၊ တိုက်ပွဲတွေမှာ သေဆုံးတာတွေ များနေတာတွေကြောင့် ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေကိုပါ ပြန်စည်းရုံး တိုက်ပွဲဝင်ခိုင်း နေရတာပါ။

ဒီအပေါ်မှာ CDM တပ်ကြပ်ကြီးတယောက်က “ဒီစာအသွားအလာအရဆိုရင်တော့ ထုံးစံအတိုင်းပေါ့နော်။ ဆိုက်ဝါးလို့ ပြောရမှာပဲဗျ။ စစ်တပ်ထဲကနေ ခွင့်မဲ့ ပျက်ကွက်/တပ်ပြေး စသည်ဖြင့် သူတို့ခေါင်းစဥ်တပ်ထားသူတွေက များသောအားဖြင့် မနေချင်လို့ စွန့်ခွာကြ တာဆိုတော့ အဲလိုတင်ပြလာမှု ရှိတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီကာလမှာ CDM စစ်သားတွေက ရပ်တည်ရတာ ခက်ခဲလာတာကြောင့် ပြန်ဝင် သွားတာမျိုးကတော့ တကြောင်းပေါ့။ မနေချင်လို့ ပြေးပါတယ်ဆို ဘယ်သူကတော့ အဲလိုပြန်ဝင်ဖို့လုပ်မှာလဲဗျာ။ စစ်တပ်ကရှုံးနေပါပြီ။ ဒီလိုဆိုက်ဝါးတွေ ဖြန့်တယ် ဆိုကတည်းက သူတို့ရဲ့ တပ်တွင်းက အောက်ခြေစစ်သည်တွေ အသေအပျောက် များလာတာများတော့ ထုံးစံအတိုင်း ဆိုက်ဝါးထည့်တာပါပဲ” လို့ ပြောပါတယ်။

စစ်တပ်ကတော့ သူတို့ဆီပြန်ဝင်မယ်ဆိုရင် သာမန်ပြစ်မှုကျူးလွန်သူတွေကိုပဲ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။

သာမန်ပြစ်မှုဆိုတာက အကြောင်းမဲ့၊ သတင်းပို့တာမရှိဘဲ ခွင့်မဲ့ပျက်ကွက်တာ၊ မူးပြီးရမ်းကားတာတို့ ဖြစ်ပြီး ဒီလိုပြစ်မှုမျိုးအတွက် တပ်ရင်းမှူးရဲ့ ဆုံးဖြတ်ချက်အရ ကွာတားချတာ၊ ဗဟိုကင်းအချုပ်ချတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

၁၀၂၇ စစ်ဆေးရေးစတင်ပြီးနောက် တိုက်ပွဲတွေမှာ အသေအပျောက်များနေတဲ့စစ်တပ်ဟာ ပြည်သူတွေက ရှေ့တန်းရောက် စစ်သားတွေဆီကို စာရေးအားပေးတယ်ဆိုတာမျိုး၊ ဒံပေါက်တွေပို့တယ်ဆိုတဲ့ ခေတ်ဟောင်း ဝါဒဖြန့်စနစ်ကို ပြန်သုံးလာသလို စစ်တပ်ထောက်ခံပွဲတွေလည်း လုပ်လာတာကိုလည်း တွေ့ရပါတယ်။

ပြည်သူ့ခုခံစစ်ပွဲစတင်ပြီးနောက် ၂ နှစ်တာကာလအတွင်း   တိုက်ပွဲတွေမှာ  စစ်ကောင်စီဘက်က အရာရှိ စစ်သည် ပေါင်း ၄၃,၅၀၀ ကျော် သေဆုံးပြီး တပ်ကနေထွက်ပြေးလာသူတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူပေါင်း ၁၀,၀၀၀ လောက်ရှိတယ်လို့ NUG နဲ့ CDM တပ်မတော်သားတွေထံက သိရပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူနဲ့ စစ်ခေါင်းဆောင်ကတော့ တိုက်ပွဲတွေမှာ ရန်သူတွေ အကျအဆုံးများနေတယ်လို့ ပြောထား ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024