လက်ဘနွန်အခြေစိုက် ဟားမတ်စ်အရာရှိ အိုစမာ ဟမ်ဒန်က ဂါဇာကမ်းမြောင်ဒေသမှာ လုံခြုံတဲ့နယ်မြေ မရှိဘူးလို့ ဒီဇင်ဘာ ၃ ရက်က လက်ဘနွန်မြို့တော် ဘေရွတ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အရပ်သားတွေကိုသတ်ဖို့ ရည်ရွယ်ချက်နဲ့ ပါလက်စတိုင်းတွေကို ထောင်ချောက်ဆင်ဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဂါဇာကမ်းမြောင် တောင်ပိုင်းမှာ နယ်မြေလုံခြုံတယ်လို့ အစ္စရေးက လိမ်ညာပြောဆိုခဲ့တယ်လို့လည်း သူက အခိုင်အမာ ပြောပါတယ်။
ရဲရင့်ပြီး မှန်ကန်တဲ့ ရပ်တည်ချက်တွေကို တည်ဆောက်ဖို့၊ ဥရောပနဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေကို ဦးဆောင်ပြီး လူတွေရဲ့ အကျပ်အတည်းကို သက်သေအဖြစ် ဂါဇာကို သွားကြည့်ဖို့ ဟမ်ဒန်းက ဘယ်လ်ဂျီယံနဲ့ စပိန်အစိုးရတို့ကို တောင်းဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် အစ္စရေးသမ္မတနဲ့ စကားပြောခဲ့ပြီး အရပ်သားတွေကို သတ်ဖြတ်တာမျိုး နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီခရိုက ဒီဇင်ဘာ ၂ ရက်မှာ ပြောခဲ့ပါတယ်။
စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်က အစ္စရေးရဲ့ စစ်ပွဲကာလ အစိုးရအဖွဲ့ဝင် ဘန်နီ ဂန့်ဇ်နဲ့ ဒီဇင်ဘာ ၁ ရက်မှာ စကားပြောဆိုခဲ့ပါတယ်။
အစ္စရေးကို တပတ်အတွင်း ဒုတိယအကြိမ် ဒေါသထွက်စေခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ မှတ်ချက်တွေကြောင့် စပိန်နဲ့ အစ္စရေး နှစ်နိုင်ငံကြား တင်းမာမှုတွေကို ပြေပျောက်အောင် ဆန်းချက်ဇ်က ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters