ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်လို့ ရှာတီတပ်မဟာက ဟားမတ်စ်အဖွဲ့ရဲ့ တပ်မှူးတယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ဟိုင်သမ် ခုဝါဂျာရီလို့ နာမည်တပ်ထားတဲ့ တပ်မှူးဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးမှာ လူပေါင်း ၁,၂၀၀ သေဆုံးပြီး အယောက် ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်အတွင်း ဟားမတ်စ် စစ်သွေးကြွတွေ အစ္စရေးတောင်ပိုင်းကို စီးနင်းတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူဖြစ်တယ်လို့ အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ခုဝါဂျာရီဟာ ပြီးခဲ့တဲ့လက ဂါဇာကမ်းမြောင်က ရှာတီဒေသမှာ တိုက်ပွဲတွေကို ဦးဆောင်ခဲ့တယ်လို့လည်း ဟာဂါရီက ပြောပါတယ်။
ခုဝါဂျာရီ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို ပြသတဲ့ ဗီဒီယိုဖိုင်ကို အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဗီဒီယိုနဲ့ ဓာတ်ပုံ ရိုက်ယူခဲ့တဲ့ ရက်စွဲနဲ့ တည်နေရာကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
Source/Photo-Reuters