ယူအေအီးနိုင်ငံ ဒူဘိုင်းနဲ့ အိုမန်နိုင်ငံတို့မှာ အိမ်အကူအလုပ် သွားရောက် လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အဲဒီနိုင်ငံတွေမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများစွာ ကြုံနေရပြီး ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားရသလို အစားအသောက် မဝမလင် စားရတဲ့အခြေအနေတွေလည်း တွေ့ကြုံနေရပါတယ်။
ဒါ့အပြင် အဲဒီ အိမ်အကူ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ ရှိနေပြီး လုပ်ခလစာ ပြည့်ပြည့်ဝဝ မရတဲ့အပြင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့နဲ့ အိုမန်နိုင်ငံတွေကနေ တခြား အီရန်၊ အီရတ်၊ ဆီးရီးယားစတဲ့ နိုင်ငံတွေဆီ လူကုန်ကူး ရောင်းစားခံနေရတဲ့ အခြေအနေတွေလည်း ကြုံနေရပါတယ်။
အိုမန်ရောက် မြန်မာအမျိုးသမီးတွေကို ကူညီပေးနေတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အခုလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို မြန်မာနိုင်ငံကနေ တိုက်ရိုက် ကူညီဖို့ ခက်ခဲတာကြောင့် မြန်မာဘက်အခြမ်းက အေးဂျင့်တွေကိုသာ အရေးယူနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ပေးနေရတယ်လို့ ဆိုပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်သူ ကိုစောယုမောင်က“အခု ဒူဘိုင်းမှာ ရှိတဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတဲ့ အလုပ်သမားတွေ၊ အိမ်အကူတွေကို ဥပဒေနဲ့အညီ ကူညီပေးလို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က တိုက်ရိုက် ဟိုဘက်ကို ပြောလို့လည်း အဆင်မပြေဘူး။ မြန်မာအေးဂျင့်က ဥပဒေ နားမလည်သလို ဟိုဘက် အေးဂျင့်ကလည်း နားမလည်ဘူး။ ပိတ်ရက်မရှိ၊ နားရက် မရှိ၊ နားချိန် မရှိ၊ အိုတီ မရှိ၊ တရက်မှ ထမင်းတနပ်ပဲ စားရတဲ့ ဘဝတွေပေါ့။ ကျနော်တို့ တခု လုပ်ပေးနိုင်တာက အဲ့လိုမျိုးဖြစ်တဲ့သူတွေကို မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် မိသားစုနဲ့ ချိတ်ဆက်ပြီး ပူးပေါင်း ကူညီပေးတယ်။ မြန်မာပြည်ကို ပြန်ရောက်ဖို့ပဲ ပူးပေါင်း ချိတ်ဆက်ပြီးတော့ ကူညီပေးတယ်ဗျ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒူဘိုင်းနဲ့ အိုမန်မှာ အိမ်အကူ လုပ်ကိုင်နေကြတဲ့ မြန်မာ အမျိုးသမီးတွေဟာ ကိုယ်ထိလက်ရောက် ညှမ်းပမ်း နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ ရှိနေပေမဲ့ မြန်မာ အလုပ်အေးဂျင့်တွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ အဲဒီနိုင်ငံတွေမှာလည်း အလုပ်သမားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေ သက်ရောက်မှု နည်းပါးတယ်လို့ ကူညီပေးသူတွေက ဆိုပါတယ်။
အိုမန်နိုင်ငံမှာ ၂ နှစ်ကြာ အိမ်အကူ အလုပ်လုပ်ကိုင်နေတဲ့ မစိုးစိုး (အမည်လွှဲ)က ၂ နှစ်တိတိ သူ့မှာ ခွင့်ရက်၊ နားရက် တရက်မှ မရခဲ့ဘဲ ကျန်းမာရေး မကောင်းလို့ ခွင့်ယူရင်တောင် လစာထဲက အဆမတန် ဖြတ်တောက်တာ၊ အစားအသောက် မကျွေးဘဲ အငတ်ထားတာ စတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာတွေ ရှိတာကြောင့် မြန်မာပြည်တွင်းကို ပြန်ချင်ပေမယ့် အလုပ်ထွက်မယ်ဆိုရင် လျော်ကြေးက သိန်း ၈၀ ကနေ ၁၀၀ လောက်အထိ ပေးရမှာ ဖြစ်တာကြောင့် လျော်ကြေး မပေးနိုင်လို့ သည်းခံပြီး ဆက်လက် လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မစိုးစိုးဟာ မြန်မာနိုင်ငံကနေ အလုပ်လုပ်ဖို့ အေးဂျင့်ကတဆင့် ဆက်သွယ်စဉ်က မိသားစု ၃ ယောက်သာ ရှိတဲ့ နေအိမ်မှာ အိမ်အကူ လုပ်ရမယ်လို့ စာချုပ်ချုပ်ခဲ့ပေမယ့် အိုမန် နိုင်ငံ ရောက်တဲ့အခါ မိသားစု ၉ ယောက်စာ သူတယောက်တည်း နားရက်မရှိ အလုပ်လုပ်ကိုင်ရတဲ့အတွက် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများစွာ ကြုံနေရတယ်လို့ ပြောပါတယ်။
မစိုးစိုးက “တချို့ ဒီဘက်ခြမ်းမှာ မဖွယ်မရာတွေ လုပ်တာတွေ ရှိတယ်။ အေးဂျင့်တွေကို တိုင်တယ်။ ဒါပေမဲ့ ဒီအိမ်မကောင်းရင် နောက်အိမ်ပြောင်းဆိုတဲ့ ပုံစံ လုပ်နေကြတာတွေ ရှိတယ်။ ကိုယ့်မြန်မာ အချင်းချင်း ရိုက်နှက်တယ်။ အငြှိုးအတေး ထားတဲ့ပုံစံမျိုးပေါ့။ အစားအသောက်ကအစ မဝမလင် ကျွေးခံရတဲ့ ကြုံနေရသူတွေ ရှိတယ်။ ပြန်ဖို့ အကြိမ်ကြိမ် တောင်းဆိုတယ်။ နေ့စဉ်ရက်ဆက်ပေါ့။ ကျမတို့က စရောက်လာတဲ့ နေ့ကတည်းက ငိုရတဲ့နေ့ဆိုတာ ဒီနေ့အထိပဲ။ အမြဲတမ်းလိုလို ငိုနေရဆဲပါပဲ။ လစာက နည်းနည်းပဲ ရတယ်။ စိတ်ဖိစီးမှုတွေ အများကြီးရတယ်။ ကျန်းမာရေးတွေ ထိခိုက်တယ်။ ညီမတို့မှာ ဘာအခွင့်အရေးမှ မရှိဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
အလုပ်အေးဂျင့်တွေက အိမ်အကူ လုပ်ချင်တဲ့ မြန်မာအမျိုးသမီးတွေကို လစာ ကောင်းကောင်းရမယ်ဆိုကာ ဒူဘိုင်းနဲ့ အိုမန်ဘက်ကို ပို့ဆောင်ပေးပေမယ့် တကယ် လက်တွေ့မှာတော့ အလုပ်ခေါ်စာ နည်းပြီး၊ အလုပ်မရဘဲ အခန်းတခန်းမှာ လူ ၅၀ လောက် ပိတ်မိနေတာ၊ အခြား ဆီးရီးယားနဲ့အီရတ်နိုင်ငံတွေဆီ ရောင်းစားခံရတာတွေ ကြုံနေပါတယ်။
အလုပ်သမားတွေကို ကူညီပေးနေသူက“တချို့ မိန်းကလေးတွေဆိုရင် ဆီးရီးယားကို ပို့တယ်။ အီရတ်ကို ပို့တယ်။ အိုမန်၊ အီရတ်၊ ဒူဘိုင်း၊ ဆီးရီးယား အဲဒီ နိုင်ငံတွေကိုပါ ထပ်ပို့တာ။ အခုဆို ဆီးရီးယား၊ အီရန်ကိုပါ ပို့လာတယ်။ ပိုပြီးတော့ မြန်မာနိုင်ငံက ထွက်တဲ့ အိမ်အကူတွေ အများကြီး များလာတယ်။ မြန်မာပြည်က သွားကြတယ်။ ဒါပေမဲ့ အဲ့နိုင်ငံ ရောက်တဲ့ အခါကျ အိမ်အကူအလုပ်သမားတွေက အခန်းတခန်းမှာ လူ ၅၀ လောက် ရှိကြတယ်။ ခေါ်တဲ့သူက နည်းပြီးတော့ အလုပ်မရတဲ့သူက အများကြီးဖြစ်နေတယ်။ ဆီးရီးယားမှာကျ မြန်မာငွေ ၄ သိန်းလောက်ပဲရတယ်။ ပြန်လာလို့လည်း မရ၊ ပြန်လာရင် လျော်ကြေးက သိန်း ၆၀ က သိန်း ၁၀၀ ကျော်လောက်အထိ တောင်းတယ်”လို့ ပြောပါတယ်။
အလုပ်အေးဂျင့်တွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ပိုက်ဆံရဖို့ တခုပဲ ကြည့်တယ်လို့ အိုမန်ရောက် မြန်မာ အမျိုးသမီးတွေက ပြောပါတယ်။
မြန်မာအလုပ်သမ မစိုးစိုးက“ဖြစ်နိုင်မယ်ဆိုရင် မြန်မာဘက်က စေလွှတ်တဲ့ အေးဂျင့်တွေကို လူကြီးပိုင်းတွေက ထိထိရောက်ရောက်နဲ့ ကိုင်တွယ် လုပ်ပေးစေချင်တယ်။ နောက်လူတွေကိုလည်း ဒီလို ဒုက္ခ မရောက်စေချင်ဘူး။ ဥပဒေ စည်းကမ်းအတိုင်း လုပ်လို့ရတဲ့ အနေအထားတွေ၊ ညီမတို့အတွက် လူ့အခွင့်အရေးတွေ ရစေချင်တယ်။ အိုမန်ရောက် မြန်မာအမျိုးသမီးတွေကိုယ်စား တောင်းဆိုချင်ပါတယ်။ အတတ်နိုင်ဆုံး ကူညီပေးပါလို့ မေတ္တာ ရပ်ခံ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေး ကျဆင်းတာနဲ့ အလုပ်သမားတွေ ရရှိတဲ့ အခြေခံလစာနှုန်းထားတွေလည်း နည်းပါးလွန်းတာကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ယူအေအီး နိုင်ငံတွေကို အများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။
ဇွဲသစ်