“မိကျောင်း”(MICHAUNG) ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိပေမဲ့ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်းနိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မိကျောင်း ဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်- အနောက်တောင်ဘက် ရေမိုင် ၆၇၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၆၀မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ရဲ့ အရှေ့ဘက် ရေမိုင် ၁၃၀မိုင်ခန့်၊ ချင်းနိုင်မြို့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်၊ နီလိုရီမြို့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်နဲ့ မာချီလီပတ္တနမ်မြို့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၅၀ မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” ရဲ့လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း ဗဟိုချက်လေဖိအားက ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီလျှင် ၄၅ မိုင်နှုန်း ဖြစ်ပါတယ်။
မုန်တိုင်းဟာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ဒီဇင်ဘာ ၄ ရက်မှာ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန်နဲ့ ဆက်စပ်နေတဲ့ တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်ကာ ဒီဇင်ဘာ ၅ ရက်မှာ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နဲ့ မာချီလီပတ္တနမ်မြို့တို့အကြား ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်း အရှိန်ကြောင့် မိုးရွာ၊ လေပြင်းတိုက်၊ မိုးထစ်ချုန်းနိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတ လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ အသိပေး နှိုးဆော်ထားပါတယ်။
Photo- မိုးဇလ