ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်က ဒေါ်လာရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးခင်မောင်ဝင်းနဲ့ အသိမိတ်ဆွေတယောက်ကို ဒီဇင်ဘာ ၁ ရက် ညနေ ၃ နာရီလောက်မှာ သေနတ်ကိုင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကျပ် သိန်း ၁၀၀၀ ယူ ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနဲ့ ၄၁ လမ်းထိပ်မှာ မနေ့ညနေက ဦးခင်မောင်ဝင်းဟာ အသိမိတ်ဆွေတယောက်နဲ့ စကားပြောနေတုန်း အငှားယာဉ် ၂ စီးပေါ်က အမျိုးသားတွေဆင်းလာပြီး သေနတ်နဲ့ချိန် ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“Taxi ပေါ်က ဆင်းလာပြီး သေနတ်နဲ့ချိန်ပြီး လိုက်ခဲ့ဖို့ခေါ်တာ။ ကျန်တဲ့သူတွေမှာ ဓားတွေလည်း ပါတယ်။ သူရော သူနဲ့စကားပြောနေတဲ့သူရော ခေါ်သွားတာ။ ငွေသိန်းထောင်ချီပြီးပါသွားတယ်။ ရန်ကုန်မြို့လယ်ခေါင်တောင် ဒီလိုဖြစ်နေတာ ဘယ်နေရာမှ လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြနေတာပဲ” လို့ ပြောပါတယ်။
သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ည ၇ နာရီလောက်မှာ တောင်ဒဂုံမြို့နယ်ထဲမှာ ထိုးကြိတ်ရိုက်နှက်ပြီး ကားပေါ်ကနေ ချထားခဲ့တယ်လို့ တိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"CCTV မှတ်တမ်းတွေအရတော့ ခေါ်သွားတဲ့ အငှားယာဉ် ၂ စီးကို စစ်တပ်ရော ရဲရောလိုက်ရှာနေတယ်။ ဖမ်းသွားတဲ့သူ ၂ ယောက်ကတော့ အိမ်ပြန်ရောက်နေပြီ။ ငွေကတော့ သိန်း ၁၀၀၀ နီးပါး ပါသွားတယ်။ ဒေါ်လာတွေရော” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းကလည်း ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ၄၃ လမ်းမှာရှိတဲ့ L& Z ငါးလုပ်ငန်း ကုမ္ပဏီ ဓားပြတိုက်ခံရလို့ ငွေကျပ်သိန်း ၆၀၀ ကျော် ပါသွားပြီး ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းမမိသေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ညပိုင်းက ကြည့်မြင်တိုင်မြို့နယ်က ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို အမည်မသိလူတွေက ဖမ်းဆီးခဲ့ပြီးနောက် နောက်ရက်မှာ လက်ထိပ်နောက်ပြန်ခတ်လျက်သား သေဆုံးနေတဲ့ရုပ်အလောင်းကို ထောက်ကြန့်လမ်းဆုံ၊ ရန်ကုန်-ပဲခူးကားလမ်းမ ဇီးရိုးမိုင်မှာ ပြန်တွေ့ရှိခဲ့ပါတယ်။