တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ သြစတြေးလျ ပူးတွဲကင်းလှည့်မှုတွေကြောင့် ဒေသတွင်း တင်းမာမှုတွေ ပိုမိုပြင်းထန်လာတာကြောင့် ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကို တိုက်တွန်းထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနဲ့ ပူးတွဲလေကြောင်း လှည့်ကင်း ဆောင်ရွက်နေချိန်အတွင်း ဖိလစ်ပိုင် လေယာဉ်တစင်းကို တရုတ်ဂျက်တိုက်လေယာဉ်တွေက ဝန်းရံလှည့်ပတ်ခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားထားတဲ့ သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ ပေကျင်းမြို့ရှိ သတင်းစာရှင်းလင်းပွဲတခုမှာ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူးချန်းက ပြောကြားခဲ့တာပါ။
ဖိလစ်ပိုင်ဘက်ကပြောတဲ့ ဒီလိုမှတ်ချက်မျိုးဟာ အဖြစ်မှန်အတိုင်းမဟုတ်ဘဲ ရန်လိုတကြီးနဲ့ ချဲ့ကားပြောဆိုမှု သက်သက်ဖြစ်တယ်လို့တရုတ်က ဆိုပါတယ်။
နိုင်ငံတွေကြား ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဟာ ပြင်ပအဖွဲ့အစည်းကို ပစ်မှတ်ထားရတာမဟုတ်ကြောင်းနဲ့ သူ့ရဲ့ အကျိုးစီးပွားကို ထိခိုက်တာ ဒါမှမဟုတ် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေတယ်လို့ ထောက်ပြချင်ကြောင်း ဝူးချန်းက ဆိုပါတယ်။
တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဒါမှမဟုတ် ဒေသတွင်း တင်းမာမှုတွေ တိုးလာစေတဲ့ လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းနဲ့ တောင်တရုတ်ပင်လယ်ရှိ သက်ဆိုင်သူတွေအားလုံး ကျင့်ဝတ်ဆိုင်ရာစည်းကမ်းရဲ့ အခြေခံမူတွေကို စွဲစွဲမြဲမြဲ လိုက်နာဖို့နဲ့ ချိုးဖောက်မှု အားလုံးကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကို တိုက်တွန်းကြောင်းလည်း ဆိုပါတယ်။
တရုတ်စစ်တပ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့တကွ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ခိုင်ခိုင်မြဲမြဲ ကာကွယ်စောင့်ရှောက်ဖို့ အမြဲတမ်း နိုးနိုးကြားကြား ရှိနေပြီး တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းထားပါတယ်လို့လည်း တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters