ယူကေနိုင်ငံ နော့တင်ဟမ်မြို့တော်ကောင်စီဟာ ငွေကြေးဖောင်းပွမှု မြင့်မားနေတဲ့ကြားမှာပဲ ဒေဝါလီခံကြောင်း သူကိုယ်တိုင် တရားဝင်ကြေညာခဲ့ပြီးနောက်မှာ ဥပဒေအရ ပေးဆောင်ရမယ့် ဝန်ဆောင်မှုတွေကလွဲလို့ တခြားအသုံးစရိတ်အားလုံးကို ရပ်တန့်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နော်တင်ဟမ်မြို့ခံတွေကလည်း ဒါက အံ့ဩစရာတော့ မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုကြပါတယ်။ မကြာသေးခင်က အစီရင်ခံစာတခုမှာတော့ ၂၀၂၃ - ၂၄ ဘဏ္ဍာရေးနှစ်မှာ အလုပ်သမားရေးရာကောင်စီရဲ့ အသုံးစရိတ်ဟာ ပေါင် ၂၃ သန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၉ သန်းအထိ ခွင့်ပြုချက်ထက် ကျော်လွန် သုံးစွဲထားကြောင်း ဖော်ပြထားပါတယ်။
အဲဒီငွေကြေးတွေကို အဓိကအားဖြင့် ကလေးတွေနဲ့ လူကြီးတွေရဲ့ လူမှုစောင့်ရှောက်မှု လိုအပ်ချက် တိုးလာခြင်းကြောင့်အပြင် ကောင်စီရဲ့ စုစုပေါင်းအသုံးစရိတ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အိုးမဲ့အိမ်မဲ့ အရေအတွက် မြင့်တက်လာခြင်းကြောင့်လို့ ဆိုပါတယ်။
ဒါ့အပြင် မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုကလည်း ကောင်စီရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် ထပ်လောင်း ဖိအားပေးခဲ့တာပါ။
၂၀၁၀ ပြည့်နှစ်မှာ ကွန်ဆာဗေးတစ်တွေ အာဏာရလာချိန်ကတည်းက ကောင်စီအတွက် နှစ်စဉ်ရန်ပုံငွေ ပေါင်သန်း ၁၀၀ ကို ဖြတ်တောက်ခဲ့ခြင်းအတွက် မြို့တော်ကောင်စီခေါင်းဆောင် ဒေးဗစ်မဲလန်က ဗဟိုအစိုးရကို ဝေဖန်ခဲ့ပေမဲ့ အဲဒီထုတ်ပြန်ချက်ကိုလည်း ဗဟိုအစိုးရက အသိအမှတ်မပြုခဲ့ပါဘူး။
အကြောင်းအရင်းတွေ ဘယ်လိုပဲရှိရှိ ဒေဝါလီခံပြီးနောက် ရင်ဆိုင်ရမယ့် ပြဿနာတွေနဲ့ တုံ့ပြန်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဒေဝါလီခံကြောင်း တရားဝင် ကြေညာပြီးနောက်ပိုင်း ၂၁ ရက်အတွင်း အထူးအစည်းအဝေးကို ခေါ်ယူရမှာဖြစ်ပါတယ်။
Source/Photo-Reuters