ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်၊ ဆုခ်ဆမ်ရန်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၂၉ ရက်က ယာယီနယ်စပ်ဖြတ်လက်မှတ်နဲ့ နယ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်းယာဉ်မောင်း ၁ ဦးတို့ ဖမ်းဆီးခံရတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် နယ်ခြားစောင့်တပ်၊ လဝကရဲနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့တွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်လှည့်စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလို နယ်လှည့်စစ်ဆေးစဉ် နားခါးကျေးရွာအုပ်စု ရပ်ကွက် ၂ ရှိ ရနောင်းကနေ ဖန်ငခရိုင်ဘက်ကိုသွားမယ့် လမ်းပေါ်မှာ မသင်္ကာဘွယ် မီးခိုးရောင် အီဇူးစူးဟိုင်းလပ်စ်ကား တစီးကို တွေ့ရှိကြောင်း၊ တာဝန်ရှိသူတွေက အနောက်ကနေ ကားနဲ့လိုက်ပြီး တနေရာအရောက်မှာ ရပ်မိန့်ပေးပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းမှာ အသက် ၅၂ နှစ်ရွယ်ရှိ နိုင်းနိုင်ဆိုသူ ထိုင်းအမျိုးသားဖြစ်ပြီး ကားထဲမှာတော့ အထောက်အထားမပြည့်စုံတဲ့ မြန်မာအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၆ ဦး၊ ပေါင်း ၇ ဦးတို့ကို တွေ့ရှိခဲ့ပါတယ်။
စစ်ဆေးချက်အရ သူတို့တွေဟာ ယာယီနယ်စပ်ဖြတ်လက်မှတ်နဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြောင်း၊ ထိုင်းတောင်ပိုင်း ဖူးကက်မြို့ကို အလုပ်သွားလုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းကားသမားကလည်း သူတို့ကို ဖန်ငခရိုင် တကွာပါမြို့ထိ ပို့ပေးဖို့အတွက် ပွဲစားက ဆက်သွယ်လာပြီး ကားခ တဦး ဘတ် ၇,၀၀၀ နဲ့ ရနောင်းမြို့ ထာ့ပါဒဲ့လှေဆိပ်ကနေ သွားကြိုခဲ့တာလို့ ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့ ဆုခ်ဆမ်ရန်းမြို့နယ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ရနောင်းသတင်းမှာ ဖော်ပြပါတယ်။
Source/ Photo - Ranong news