Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းမှ  ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စွန့်ခွာထွက်ပြေး
DVB
·
November 28, 2023
kan 28112023

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက် မနက်အစောပိုင်းက စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီလို့ ဂန့်ဂေါမြို့နယ် ပအဖက ပြောပါတယ်။

မနက်အစော ၅ နာရီဝန်းကျင်က မြစ်သာမြစ်ကို ဖြတ်ကူးကာ စခန်းကို စွန့်ခွာထွက်ပြေးစဉ် ဖျားနာနေတာကြောင့် စစ်ကြောင်းနောက် အမီမလိုက်နိုင်တဲ့ ရဲဒုတပ်ကြပ်သန်းဇော် လ/၂၃၂၉၂၂ ကို ချန်ထားခဲ့ကာ လက်နက်ကိုတော့ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့တွေ ကန်ရဲစခန်းကို ရှင်းလင်းရေးဝင်ပြီး မီးရှို့ပြီးပါပြီ။ ရဲဒုတပ်ကြပ် သန်းဇာ်ကိုလည်း ကျနော်တို့တပ်ဖွဲ့ မိထားတယ်။ သူ့ကို လမ်းပြပြီး ရဲစခန်းအနီးတဝိုက် မိုင်းတွေ ရှင်းလင်းထားတယ်” လို့ ပြောပါတယ်။

ကျေးရွာအတွင်းက‌နေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကန်ရွာဒေသခံတွေလည်း ရွာထဲမှာ ပြန်လည်နေထိုင်လို့ရပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

နိုဝင်ဘာ ၃ ရက်က ဂန့်ဂေါကာကွယ်ရေးပူးပေါင်းတပ်က မင်းရွာရဲစခန်းကို သိမ်းပိုက်နိုင်ပြီးနောက် တောင်ခင်ရန်းရွာရဲစခန်းက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း နယ်မြေရဲစခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြ‌ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024