ဆိုမာလီယာနိုင်ငံမှာ မိုးအကြီးအကျယ်ရွာအပြီး ရေကြီးရေလျှံခဲ့လို့ သေဆုံးသူအရေအတွက် ၉၆ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ ဆွန်နာက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
အာဖရိက အရှေ့ဘက်နဲ့ အာဖရိက ဦးချိုဒေသတွေမှာလိုပဲ ဆိုမာလီယာနိုင်ငံဟာ အယ်လ်နီညို ရာသီဥတုနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းက ဒိုင်ပို ရာသီဥတုဖြစ်စဉ်တွေကြောင့် အောက်တိုဘာလကစပြီး မိုးသည်းသည်းထန်ထန် ရွာချခဲ့တာပါ။
ရာသီဥတုဖြစ်စဉ် နှစ်ခုလုံးဟာ သမုဒ္ဒရာမျက်နှာပြင် အပူချိန်အပေါ် သက်ရောက်မှုရှိပြီး ပျမ်းမျှမိုးရေချိန်အထက် မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေတဲ့ ရာသီဥတုပုံစံတွေ ဖြစ်ကြပါတယ်။
မိုးသည်းလို့ နိုင်ငံတဝန်း နေရာအနှံ့ ရေကြီးရေလျှံခဲ့ပြီး နှစ်ပေါင်းများစွာ သောင်းကျန်းမှုတွေကြောင့် ဖြစ်တည်လာတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
ရေကြီးရေလျှံမှုဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးအဖြစ် သတ်မှတ်ခံထားရပြီး လူပေါင်း ၇ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မိုဂါဒစ်ရှူးမြို့တော် ဆင်ခြေဖုံးက စစ်ဘေးရှောင်စခန်းတွေထဲက လူတွေဟာ အရေးပေါ်အကူအညီ လိုအပ်နေပြီး အများစုဟာ သူတို့အိမ်တွေနားက ညစ်ပတ်တဲ့ ရေတွေထဲမှာ နေနေရတယ်လို့ ဆိုပါတယ်။
အကူအညီပေးရေး အေဂျင်စီတွေကလည်း လက်ရှိအခြေအနေမျိုးမှာ ရောဂါတွေ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။
Source/Photo-Reuters