Home
မြန်မာသတင်း
မောင်တော ရဲကင်းကိုတိုက်ခိုက်ရာတွင် နယ်ခြားစောင့်ရဲ ၄ ဦးနှင့် အရပ်သား ၁ ဦးသေ
DVB
·
November 26, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီ နယ်ခြားစောင့် ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် အေအေက တိုက်ခိုက်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ယောက်နဲ့ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုင်းကြီး(ရခိုင်)ရွာနားမှာရှိတဲ့ ရဲကင်းစခန်းတိုက်ခိုက်ခံရတာဖြစ်ပြီး ကိုင်းကြီး ဒေသခံတယောက်က "ကိုင်းကြီး(ရခိုင်)ရွာက အသက် ၆၀ အရွယ် လူကြီးကတော့ နှစ်ဖက်တိုက်ပွဲကြားမှာ ညပ်ပါသွားပြီး ဆုံးသွားခဲ့ရတာဗျ။ ကိုင်းကြီး နယ်ခြားစောင့် စခန်းက စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးတယ်။ ၆ ဦး ဒဏ်ရာတယ်။ နောက် လက်နက်ကြီးကျပြီး ၁၀ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး ဒဏ်ရာရသွားတယ် လို့ သိရတယ်။ အခုည လက်ရှိအချိန်အထိ လက်နက်ကြီးတွေ ပစ်နေတုန်းပါ။ ကိုင်းကြီးစခန်းကိုတော့ မသိမ်းနိုင်သေးဘူး"လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်လို့ အနီးအနား ကျေးရွာတွေဖြစ်ကြတဲ့ ရွှေဗဟို၊ သရီကုန်ဘောင်ကျေးရွာတွေကို လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် သရီကုန်ဘောင်က အသက် ၁၀ နှစ်အရွယ် မိန်းကလေးတယောက် ဒဏ်ရာရရှိပြီး မောင်တောဆေးရုံကို ယူဆောင်ခွင့်ရဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သရီကုန်ဘောင်ကျေးရွာသား တယောက်က "လက်နက်ကြီးကတော့ အဆက်မပြတ် ပစ်နေတာ။ သရီကုန်ဘောင်ကျေးရွာက ၁၀ နှစ်အရွယ် မိန်းကလေး တဦး ဒဏ်ရာရသွားတယ်။ မောင်တောက အရေးပေါ်လူနာယာဉ်ခေါ်ထားတယ်။ သွားလာလို့ ရ မရတော့ မသေချာပါဘူး။ ရွာသူရွာသားတွေကတော့ ညနေပိုင်းကတည်းက ထွက်ပြေးနေကြရတယ်" လို့ ပြောပါတယ်။

အဲဒီရွာတွေဘက်ကို စစ်ကောင်စီက မောရဝတီ စစ်ဗျူဟာအပါအဝင် မောင်တောအနီး ဘင်္ဂလားပင်လယ်ပြင်မှာ ရောက်ရှိနေတဲ့ ရုရှားထုတ်စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။

ရက္ခိုင်တပ်တော် အေအေက နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး မောင်တော-အငူမော်လမ်းက ဒုံးပိုက်စခန်း၊ ချိန်ခါလီစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီကလည်း မောင်တော-အငူမော်လမ်းတလျှောက်က စခန်းငယ်တွေကို ပူးပေါင်းပြီး အင်အားဖြည့် နေကြတယ်လို့ ဒေသတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024