Home
ဆောင်းပါး
အာဏာကို ဆက်လက် ဆုပ်ကိုင်ထားရန် ရုန်းကန်နေရသည့် မြန်မာစစ်အာဏာရှင်
DVB
·
November 26, 2023
MAL_26112023

မြန်မာအစိုးရပိုင်ဘဏ်တွေရဲ့ အကောင့်တွေကို နိုင်ငံခြားဘဏ်တွေက ပိတ်သိမ်းလိုက်ပြီး မြန်မာစစ်အာဏာရှင်တွေအတွက် နိုင်ငံခြားငွေဝင်မယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ခံလိုက်ရတဲ့ နောက်မှာတော့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုရဲ့ ရိုက်ခတ်မှုကို စတင်ခံစားလာရပြီဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင်တွေဟာ အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာတဲ့အထိ နိုင်ငံတကာက ဆန့်ကျင်နေတဲ့ကြား၊ တော်လှန်ရေးတပ်ဖွဲ့တွေက အောင်ပွဲဆက်နေတဲ့ကြားက နိုင်ငံရေး၊ စစ်ရေးတွေမှာ မြန်မာစစ်ဗိုလ်ချုပ်တွေကို အားပေးထောက်ပံ့နေဆဲဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ အကူအညီကိုရနေဆဲဖြစ်ပါတယ်။

သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေရှိနေသလို သူတို့အတွက် အရေးတကြီးလိုအပ်တဲ့ နိုင်ငံခြားငွေအလုံအလောက်မရရှိနိုင်တော့တာတွေကြောင့် ပြင်ပကရရှိနေတဲ့ ထောက်ပံ့မှုတွေချည်းသက်သက်နဲ့ ရပ်တည်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာရေးဒုဝန်ကြီး မောင်မောင်ဝင်းက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် မြန်မာစစ်ကောင်စီရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အဦဆိုင်ရာ ကဏ္ဍတွေမှာသာမက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေပါ အခက်အခဲတွေကြုံတွေ့နေရကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာစစ်အာဏာရှင်တွေအတွက် လက်နက်နဲ့ ကိရိယာတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေလဲလှယ်ဆောင်ရွက်ပေးနေတဲ့ မြန်မာစစ်တပ်လက်အောက်ခံ မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ထပ်မံ ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ အဲဒီစီးပွားရေးပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံခြားငွေအသုံးပြုပြီး ဝယ်ယူမှုတွေ မလုပ်နိုင်ရေးအပြင် နိုင်ငံခြားငွေလက်ခံနိုင်ခြင်းမရှိအောင်ပါ ရည်ရွယ်တာဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကိုယ်ကြည့်ရင် နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေဟာ ရည်ရွယ်ထားတဲ့အတိုင်း မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေး ရှာဖွေရေးနဲ့သုံးစွဲရေးတွေကို  ထိခိုက်နေပြီဖြစ်ကြောင်း အချက်ပြနေပါတယ်။

ပထမဖြစ်ရပ်ကတော့ မြန်မာစစ်တပ်နဲ့ဆက်စပ်နေတဲ့ ခရိုနီတွေဟာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေကို ရှောင်ကွင်းနိုင်ရေးအတွက် နာမည်သစ်တွေနဲ့ လုပ်ငန်းသစ်တွေကို ဖန်တီးလုပ်ကိုင်လာကြတာဖြစ်ပါတယ်။  ပေါက်ကြားလာတဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနရဲ့ ညွှန်ကြားစာထဲမှာလည်း မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုကို ရှောင်ကွင်းကာ နိုင်ငံခြားငွေလွှဲပြောင်းရယူနိုင်ရေးအတွက် မြန်မာ့ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေမှာ အကောင့်သစ်တွေဖွင့်လှစ်ထားဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။ MOGE ရဲ့ အရာရှိတွေကိုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးပိတ်ဆို့ အရေးယူထားတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာစစ်တပ်ကို လောင်စာဆီ အများဆုံးထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေဗျိုင်းဖြူ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကို ဖျက်သိမ်းလိုက်ပါတယ်။ ရွှေဗျိုင်းဖြူ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အဲဒီကုမ္ပဏီကို ဖျက်သိမ်း လိုက်တာဟာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားနိုင်ဖို့ပဲဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ ယူနိုက်တက်ကင်းဒမ်းတို့ရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေခံလိုက်ရတဲ့ ကုမ္ပဏီအတော်များများမှာလည်း ရွှေဗျိုင်းဖြူပိုင်ရှင် သိန်းဝင်းဇော်ပိုင်ဆိုင်တဲ့ ရှယ်ယာတွေရှိနေပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ မြန်မာစစ်တပ်လက်အောက်ခံဘဏ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားဘဏ်တွေက ဖြတ်တောက်လာတာကြောင့် မြန်မာစစ်တပ်အတွက် အလွန် လိုအပ်လျက်ရှိတဲ့ နိုင်ငံခြားအရန်ငွေတွေ ပိတ်မိသွားတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဘဏ်တွေဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေမှာရှိတဲ့ ငွေတွေကို ထုတ်ယူဖို့ ကန့်သတ်လိုက်ပြီး UOB အကောင့်အချင်းချင်း ငွေလွှဲတာကလွဲရင် ကျန်တဲ့နည်းလမ်းနဲ့ ထုတ်ယူအသုံးပြုလို့ရတော့မှာ မဟုတ်ကြောင်း စင်္ကာပူ UOB (United Oversea Bank) ဘဏ်က မြန်မာနိုင်ငံကဘဏ်တွေကို ဩဂုတ်လ အစောပိုင်းမှာ အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက်ရက်သတ္တပတ်အတွင်းမှာ မြန်မာနိုင်ငံက မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့က ဖွင့်လှစ်ထားတဲ့ အကောင့်တွေကို ပိတ်သိမ်းကာ အပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကျော်ကို ထိန်းသိမ်းထားလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ဘဏ်ကလည်း ကြေညာလိုက်ပါတယ်။ အဲဒီဖြစ်ရပ်တွေကြောင့် နဂိုကမှ တန်ဖိုးကျဆင်းနေတဲ့ မြန်မာ့ ကျပ်ငွေ တန်ဖိုးဟာ ပိုမိုကျလာခဲ့ပြီး နိုင်ငံရဲ့ ဘဏ္ဍာရေးဟာ မတည်မငြိမ်ပိုဖြစ်လာခဲ့ပါတယ်။ နိုင်ငံခြားဘဏ်တွေမှာရှိနေတဲ့ အရန်ငွေတွေ မြန်မာစစ်တပ်လက်ထဲမရောက်အောင် တားမြစ်ထိန်းသိမ်းလိုက်ခြင်းအားဖြင့် အဆုံးမရှိတဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့အတွက် မြန်မာစစ်တပ်က လက်နက်ကိရိယာတွေကို ဝယ်ယူရနေတာကို တားမြစ်လိုက်နိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အခွင့်အလမ်း ပိုသာစေမှာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုပြန်လည်ရရှိဖို့ မစွမ်းဆောင်နိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း တိုက်ခိုက် အနိုင်ယူနိုင်စွမ်းမရှိဖြစ်နေပါတယ်။ စစ်မြေပြင်မှာလည်း အင်အားနည်းနေပြီဖြစ်သလို ကြားရမြင်ရတဲ့ သတင်းတွေအရ မြန်မာစစ်တပ်ဟာ လက်တွေ့မြေပြင်မှာ အရေးနိမ့်နေတာကို ဖုံးထားနိုင်ဖို့အတွက် သူတို့ရဲ့တစ်ခုတည်းသောအားသာချက်ဖြစ်တဲ့ ရုရှားထုတ် တိုက်လေယာဉ် အအိုအဟောင်းတွေကို အဓိက အားပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေကြောင်း သုံးသပ်နိုင်ပါတယ်။

စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ လတ်တလောဆောင်ရွက်ချက်တွေဟာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ နိုင်ငံအနှံ့ကနေပေါ်ပေါက်လာတဲ့တော်လှန်ရေးမှာ မြန်မာ့စစ်ဗိုလ်ချုပ်တွေ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာကို စမ်းသပ်ရာလည်း ကျနေပါတယ်။ မလွှဲမရှောင်သာ ခံစစ်အခြေအနေကို ရောက်ရှိနေတဲ့ မြန်မာစစ်တပ်ဟာ သူ့ရဲ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် မိတ်ဟောင်း တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့အပြင် အာဆီယံထဲက အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့လို့ မိတ်ဖက်နိုင်ငံအနည်းငယ်ရဲ့ ထောက်ပံ့ကူညီမှုကို မှီခိုနေရပါတယ်။

အာဏာသိမ်းပြီး နောက်လမှာ ကုလသမဂ္ဂရဲ့ အထူးသံတမန် ခရစ္စတင်းရှာရနာဘာဂီနာရဲ့ သတိပေးချက်အပေါ် "မိတ်ဆွေနည်းနည်းလေးနဲ့ပဲ ရှေ့ဆက်ဖို့ ကျနော်တို့ ပြင်ဆင်ထားရမှာဖြစ်ပါတယ်"လို့ စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းက ပြန်တုံ့ပြန်ခဲ့တာကိုကြည့်ရင် သူတို့မှာ ရေရှည်စီမံကိန်းရှိနေပြီး နိုင်ငံတကာက ဖြတ်တောက်ပိတ်ဆို့မှုတွေ ရှိလာမှာကိုသိထားပြီးသားဖြစ်တယ်လို့ သိနိုင်ပါတယ်။

မည်သို့ပင်ဆိုစေ မြန်မာစစ်အာဏာရှင်တွေရဲ့ ယုံကြည်မှုဟာ သူတို့ရဲ့ အားနည်းချက်တွေနဲ့ တကယ့် လက်တွေ့အခြေအနေကို ဖုံးကွယ်ထားတဲ့ အလိမ်အညာတွေပေါ်မှာတည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ် နိုင်ငံခြားငွေမရရှိရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မပြိုလဲရေးအတွက် အာဏာရှင်မိတ်ဖက်နိုင်ငံအနည်းကို မှီခိုကျားကန်ထားရတဲ့ မြန်မာစစ်အာဏာရှင်တွေကို ပိုပြီးတော့ အကြပ်ရိုက်စေခဲ့ပါတယ်။

တရုတ်ဟာ နိုင်ငံရဲ့အနာဂတ်ကို စစ်တပ်မပါဘဲ မြင်ကြည့်လို့မရသယောင် မြန်မာ့ပြည်တွင်း စစ်ကာလအတွင်းစစ်တပ်ကို အပြည့်အဝထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာစစ်တပ်လိုအပ်တဲ့ လက်နက်ကိရိယာတွေကို တရုတ်က ထောက်ပံ့ပေးနေတာကြောင့် မြန်မာ့ပြည်တွင်းစစ်ကာလဟာ ပိုမိုရှည်ကြာခဲ့ရပါတယ်။ မြန်မာစစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာ မြန်မာနိုင်ငံကို ဘယ်နိုင်ငံကမှ လက်နက်ရောင်းချတင်ပို့ခြင်းမပြုရဆိုတဲ့ ကန့်သတ်ချက်တစ်ခုကို ကုလသမဂ္ဂက ချမှတ်ခဲ့ပေမဲ့ ၂၀၂၂-၂၀၂၃ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၆၇ သန်းတန်ဖိုးရှိတဲ့ လက်နက်ကိရိယာတွေ တရုတ်ကနေမြန်မာစစ်တပ်ကို တင်ပို့ရောင်းချခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူပြီးရင် ဒုတိယ အကြီးဆုံးအရင်းအမြစ်လည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလ ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိရှိခဲ့ပါတယ်။ တရုတ်ရဲ့ ရင်နှီးမြှုပ်နှံမှု ၁၈ ရာခိုင်နှုန်ရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ၊ တရုတ်ရင်းနှီးမြှုပ်နှံမှု ၁၇ ရာခိုင်နှုန်းရှိနေတဲ့ မြန်မာ့သတ္တုတွင်း ကဏ္ဍတွေမှာလည်း တရုတ်က စိတ်ဝင်စားမှုရှိပေမဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ တစ်ဝက်ကျော်ဟာ စွမ်းအင်ကဏ္ဍမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးထောက်ပံ့မှုဟာလည်း ကုလသမဂ္ဂရဲ့ ဖိအားတွေကို တောင့်ခံနိုင်ဖို့အတွက် မြန်မာစစ်တပ်အတွက် မရှိမဖြစ်လိုအပ်နေပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးအတွက် ကုလသမဂ္ဂမှာ မဲခွဲကျရာ တရုတ်ကိုယ်စားလှယ်က မဲပေးခြင်းမရှိခဲ့ပါဘူး။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေစပြီး တရုတ်နိုင်ငံအစိုးရအရာရှိတွေဟာ မြန်မာ့စစ်တပ်အရာရှိတွေနဲ့ ဆက်ဆံရေးတိုးမြှင့်လာတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် Deng Xijun နဲ့ မင်းအောင်လှိုင်တို့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်မှာ စတင်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်နိုင်ငံအဆင့်မြင်အရာရှိတွေရဲ့ အစည်းအဝေးတွေ လစဉ်ရှိလာခဲ့ပါတယ်။ Deng ဟာ ဒီဇင်ဘာလထဲမှာပဲ တိုင်ရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့လည်း ယူနန်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံအားခြင်းမလုပ်ဖို့ သူ့လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်နိုင်ငံက ဖိအားပေးခဲ့ပါတယ်။ အကျိုးဆက်အဖြစ် တခြားလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ မြန်မာစစ်တပ်က ဖိအားပေးတိုက်ခိုက်ဖို့ အခွင့်သာလာပါတော့တယ်။ ၂၀၂၃ ခုနှစ် မေလအတွင်းမှာ အဲဒီအချိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ချင်ဂန်းဟာ မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နှစ်နိုင်ငံအဆင့်အမြင့်ဆုံး အရာရှိတွေတွေ့ဆုံမှုဖြစ်ပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြပါတယ်။

သီးခြားအပယ်ခံ နိုင်ငံရေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မင်းအောင်လှိုင်ရဲ့ အာဏာရှင်အဖွဲ့ဟာ ရုရှားကို အရေးကြီးမိတ်ဖက်အဖြစ်နဲ့ မှီခိုခဲ့ပါတယ်။ စစ်အာဏာရှင်အဖွဲ့ ခေါင်းဆောင်တွေဟာ ရုရှားကို ယုံကြည်ရတဲ့ မိတ်ဖက်အဖြစ်သာမကဘဲ တရုတ်အပေါ်အလွန်အမင်းမှီခိုနေရတဲ့ အခြေအနေကို ပြန်လည်ချိန်ညှိရာမှာလည်း အရေးကြီးတဲ့ ရင်းမြစ်တစ်ခုအနေနဲ့ အားကိုးခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့ ဆက်ဆံရေးကိုးတိုးမြှင့်လာတာဟာ တရုတ်ရဲ့ လွှမ်းမိုးမှုအောက်ကို အလွန်အမင်းကျရောက်နေခြင်းကနေ ရှောင်ကွင်းနိုင်ရေးအတွက် မင်းအောင်လှိုင်ချမှတ်တဲ့ မူဝါဒဖြစ်ပါတယ်။ စစ်အေးခေတ်ကာလတွေအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းက တရုတ်ရဲ့ထောက်ပံ့မှုကို ရနေတဲ့ ဗမာကွန်မြူနစ်ပါတီနဲ့ ပတ်သက်နေတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေကို သူတို့ငယ်စဉ်တည်းက တိုက်ခိုက်ခဲ့ရတဲ့ ရာဇဝင်ရှိတာကြောင့် မြန်မာစစ်တပ်ခေါင်းဆောင်အမြောက်အမြားဟာ တရုတ်ရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေအပေါ် အဲဒီအချိန်တွေတည်းက ကြောက်ရွံ့ သံသယရှိခဲ့တာဖြစ်ပါတယ်။

အဲဒါတွေကြောင့် မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်မှာ စစ်ဦးစီးချုပ်ဖြစ်ခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ ရင်းနှီးတည်ဆောက်နိုင်ရေးအတွက် အားကြိုးမာန်တက် ၉ ကြိမ်တိုင်အောင် ရုရှားကို ကိုယ်တိုင်သွားရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ ခြောက်ကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တဲ့ ရုရှားအရှေ့ဖျား စီးပွားရေးဖိုရမ်မှာ မင်းအောင်လှိုင်ဟာ ပူတင်နဲ့ ပထမဆုံးအကြိမ်အဖြစ်တွေ့ခွင့်ရခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာ နေပြည်တော်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆီဂေးလာဘရော့ဗ် လာရောက်ချိန်မှာ နှစ်နိုင်ငံ နျူကလီးယားစွမ်းအင်ပူးပေါင်းထုတ်လုပ်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ရိုဆာတန်နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးနည်းပညာဆိုင်ရာမှာ အလေးထားရတဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၈ - ၂၀၂၂ ကာလအတွင်း မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုမှာ ရုရှားက ၄၂ ရာခိုင်နှုန်း တရုတ်က ၂၉ ရာခိုင်နှုန်းဖြစ်ပြီး ရုရှားက တရုတ်ထက်ပိုများခဲ့ပါတယ်။ အထက်မှာရည်ညွှန်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ရုရှားဟာ အမေရိကန်ဒေါ်လာ ၄၀၆ သန်းတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ၂၀၂၂-၂၀၂၃ ကာလအတွင်း မြန်မာနိုင်ငံကို ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ် အာဏာချုပ်ကိုင်ထားနိုင်ရေးအတွက် တရုတ်နဲ့ ရုရှားလို တိုက်ရိုက်ကူညီပံ့ပိုးနေတာ မဟုတ်ပေမဲ့ ထိုင်းနဲ့ အိန္ဒိယတို့ဟာလည်း မြန်မာစစ်တပ်ကို သွယ်ဝိုက်ကာ ထောက်ပံ့နေတဲ့ ဒေါက်တိုင်တွေဖြစ်ကြပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ Track 1.5 နိုင်ငံရေးမူဝါဒဟာ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ အာဆီယံကနေ တဆင့် တိတ်တဆိတ်အဖြေရှာရေး မူဝါဒနေရာကို အစားထိုးဖို့  ခြိမ်းခြောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ထိုင်းနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်တို့အပါအဝင် ဒေသတွင်းက မိတ်ဘက်အာဏာရှင်ခေါင်းဆောင်တွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့က ကိုယ်စားလှယ်တွေ့နဲ့ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေ တွေ့ဆုံစေဖို့ အစည်းအဝေးတစ်ခု လက်ခံပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီနောက်လမှာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့ပါဝင်တဲ့ ဒုတိယမြောက် Track 1.5 အစည်းအဝေးတစ်ခုကို အိန္ဒိယက လက်ခံကျင်းပခဲ့ပါတယ်။

ထိုင်းနဲ့ အိန္ဒိယတို့က စည်းကမ်းဘောင်ကို ကျော်လွန်ပြီး မြန်မာစစ်ကောင်စီကို နိုင်ငံတကာနိုင်ငံရေး အခင်းအကျင်းထဲ ပြန်လည်ဆွဲသွင်းခဲ့တာကြောင့် အာဆီယံဥက္ကဋ္ဌအနေနဲ့ အင်ဒိုနီးရှားက ဆောင်ရွက်နေတဲ့ မြန်မာ့အရေး လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ် လမ်းချော်စေခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ ဖယ်ရှားခံ အရပ်သားခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်ကြား အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတစ်ခု အကောင်အထည် ဖော်နိုင်ရေးအတွက် စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ NUG ကိုယ်စားလှယ်တွေအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သီးခြားစီတံခါးပိတ်ဆွေးနွေးမှုတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတည်းက အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ အဆင့်မြင့်အရာရှိတွေကြား ဆက်ဆံမှုကို ထိန်းသိမ်းထားခဲ့ပြီး နယ်စပ်တလျှောက် တော်လှန်ရေး ဖြိုခွင်းမှုစစ်ဆင်ရေးတွေကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒါအပြင် အိန္ဒိယအစိုးရနဲ့ မြန်မာစစ်တပ်ဟာ နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် ဆယ်စုနှစ်များစွာကြာပြီဖြစ်တဲ့ နှစ်နိုင်ငံကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပြန်လည်အဆင့်မြှင့်‌ပြောင်းလဲထားတဲ့ ကုလားတန် မာတီမော်ဒယ်သယ်ယူပို့ဆောင်ရေး ပရောဂျက်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

တရုတ်ရဲ့လွှမ်းမိုးမှုအောက် မြန်မာပိုပြီးကျရောက်သွားမှာကို စိုးရိမ်နေတဲ့ အိန္ဒိယအစိုးရဟာ နှစ်နိုင်ငံနယ်စပ်ရေးရာပြဿနာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို အမြစ်ဖြတ်ချေမှုန်းရေးတို့မှာ မြန်မာစစ်ကောင်စီကို ပူးပေါင်းကူညီနေပါတယ်။ အဲဒါ‌ကြောင့် အိန္ဒိယဟာ အရပ်သားတွေအပေါ်  ရက်စက်ပြင်းထန်စွာ နှိပ်ကွပ်ဖြိုခွင်းနေတဲ့ စစ်တပ်ကို ဆန့်ကျင်ရှုတ်ချခြင်းမပြုဘဲ လက်ရှိဖြစ်ပွားနေတဲ့ ပဋိကက္ခတွေအပေါ် မသိကျိုးကျွံပြုနေခဲ့ပါတယ်။  အိန္ဒိယဟာ စစ်ကောင်စီနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အဆင့်မြင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ရင်း စစ်ကောင်စီကို တရုတ်ရဲ့လွှမ်းမိုးမှုကနေ ရှောင်ရှားဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပတ်ဝန်း‌ကျင်ဒေသတွေမှာလည်း အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပွားနေပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့မှာ လက်တလောပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ စစ်ကောင်စီရဲ့နိုင်ငံခြားဆက်ဆံရေးမှာ ရိုက်ခတ်မှုအနည်းငယ်ရှိခဲ့ပါတယ်။ အာဏာရှင်နှစ်နိုင်ငံလုံးက ရွေးကောက်ပွဲမှာ အစိုးရအပြောင်းအလဲမဖြစ်စေရေးအတွက် သေချာစွာဂရုစိုက် လုပ်ဆောင်ခဲ့တာကြောင့် သူတို့ရဲ့နိုင်ငံခြားရေး မူဝါဒတွေဟာပြောင်းလဲနိုင်စရာ မရှိသလို မြန်မာစစ်ကောင်စီကလည်း မြန်မာ့အရေးနဲ့ဆိုင်တဲ့ မူဝါဒတွေ မပြောင်းလဲဖို့အရေး နှစ်နိုင်ငံလုံးက အစိုးရအသစ်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ကြိုးပမ်းမှာ မလွဲဧကန်ဖြစ်ပါတယ်။

လက်ရှိအနိုင်ရ ထိုင်းနိုင်ငံရဲ့ ဖွေထိုင်းပါတီ ဝန်ကြီးချုပ် ဆက်ထာထာဝီစန်ဟာ ထိုင်းရဲ့ နိုင်ငံခြားရေးမူဝါဒမှာအပြောင်းအလဲ အနည်းငယ် ဆောင်ရွက်နိုင်ပေမဲ့ ထိုင်း စစ်တပ်ကတော့ ၂၀၁၇ ခုနှစ် အခြေခံဥပဒေကို ကိုင်စွဲပြီး အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်နေဆဲပဲဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ဆက်ထာထာဝီစန်ဦးဆောင်တဲ့ အစိုးရဟာလည်း မြန်မာအရေးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ ရှိဦးမှာမဟုတ်ပါဘူး။

မြန်မာစစ်ကောင်စီဟာ အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးရွှေ့ကွက်တွေကြားမှာ အစားခံမဖြစ်စေရေးအတွက် ထိုင်းအစိုးရသစ်နဲ့ ဆက်ဆံရေးကိုလည်းကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံကနေတဆင့် ရောင်းချပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ (မြန်မာ့ပို့ကုန်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်) ရရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ သူတို့ဆက်လက်ရပ်တည်နိုင်ရေးအတွက် ထိုင်းကိုမှီခိုပြီး ဝင်ငွေအမြောက်အမြား ရရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘောဒီးယားရဲ့ ရွေးကောက်ပွဲကတော့ ခေါင်းဆောင်ဟောင်း ဟွန်ဆန်က သူ့ရဲ့သား ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးဖို့ လမ်းကြောင်းပေးခဲ့တာသာဖြစ်ပြီး အာဆီယံအတွင်း မရေရာတဲ့ အမြင်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် ကမ္ဘောဒီးယားခေါင်းဆောင်သစ်ကို ဒေသတွင်းကရော ပြင်ပနိုင်ငံတွေကပါ သိတဲ့သူမရှိကြသလို သူ့ရဲ့ လက်ထက်မှာလည်း ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ သိပ်ပြီးတော့ မမျှော်လင့်ထားကြပါဘူး။ အမေရိကန်မှာ ကျောင်းတက်ခဲ့ပြီး ယူကေမှာ စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ယူခဲ့တဲ့ ဟွန်မာနက် လက်ထက်မှာ ကမ္ဘောဒီးယားနိုင်ငံရေးကို တရုတ်နဲ့ ပိုပြီးကင်းကွာအောင် ဆောင်ရွက်လိမ့်မယ်လို့ တချို့ကလည်း ယူဆနေကြပါတယ်။

ဒေသတွင်းမှာ ဘယ်လိုတွေပဲ ပြောင်းလဲနေပါစေ နိုင်ငံတကာရဲ့ ကန့်ကွက်ပြစ်တင် ရှုတ်ချမှုတွေက သူတို့ရဲ့ စိုးမိုးအုပ်ချုပ်ရေးမှာ အတားအဆီးမဖြစ်စေရေးအတွက် မြန်မာစစ်ကောင်စီကကြိုးပမ်းသွားမှာ ဖြစ်သလို သူတို့ရဲ့အခြေခံမူလရည်ရွယ်ချက်ဖြစ်တဲ့ အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေရေးအပေါ် အခြေခံထားတဲ့ နိုင်ငံခြားရေးမူဝါဒဟာလည်း ပြောင်းလဲခြင်းမရှိပါဘူး။ ဒါကြောင့် ပြည်တွင်းစစ်ပွဲတွေရဲ့ အပြောင်းအလဲတွေကသာ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် အပြောင်းအလဲကို စဉ်းစားစေမယ့် အချက်ဖြစ်ဖို့ အလားအလားအများဆုံး ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့ဖယ်ကျဉ်မှုတွေအတွက် မြန်မာစစ်အာဏာရှင်တွေက ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်သလို နိုင်ငံတကာက ဖယ်ကျဉ်ထားချိန်မှာ မြန်မာစစ်အာဏာရှင်တွေ အထီးကျန်မဖြစ်စေရေးအတွက် မိတ်ဖက်တချို့က ကူညီပေးနေပါတယ်။

မြန်မာစစ်အာဏာရှင်တွေရဲ့ စီပွားရေးအသက်သွေးကြောတွေနဲ့ နိုင်ငံတကာဘဏ်တွေမှာ ထားရှိတဲ့ မြန်မာ့အာမခံငွေတွေကို သူတို့ရယူနိုင်ခြင်းမရှိအောင် ပိတ်ဆို့ဖြတ်တောက် လိုက်ခြင်းဟာ မြန်မာနိုင်ငံသားတွေအပေါ်သူတို့ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ စစ်ပွဲတွေကို ရပ်တန့်စေဖို့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ မြန်မာ စစ်အာဏာရှင်တွေကို ရိုက်ခတ်နေပြီဖြစ်ကြောင်း ဖော်ပြနိုင်တဲ့ အချက်တွေရှိလာပြီ ဖြစ်ပေမဲ့ မြန်မာစစ်အာဏာရှင်တွေ လက်လျှော့အရှုံးပေးဖို့အတွက် သို့မဟုတ် တော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းလာအောင် ဖိအားပေးနိုင်ဖို့ အတွက်ကတော့ ကာလအတန်ကြာအောင် စောင့်ရဦးမှာဖြစ်ပါတယ်။ အခုချိန်မှာ NUG နဲ့ PDF တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ကို အမြစ်ဖြတ်နိုင်ဖို့အရေး ကြိုးပမ်းနေပါတယ်။ တကယ်လို့သာ မြန်မာစစ်တပ်အမြစ်ဖြတ် ချေမှုန်းခံခဲ့ရပြီဆိုရင်တော့ မြန်မာစစ်အာဏာရှင်တွေရဲ့ မိတ်ဖက်တွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ ရက်စက်တဲ့အာဏာရှင်စနစ်ကို ထောက်ပံ့ပေးခဲ့တဲ့အတွက် နောင်တရစရာ ဖြစ်လာနိုင်ပါတယ်။

ဘာသာပြန်သူ- ဥဿာဆန်း

( ဝါရှင်တန်အခြေစိုက် The Stimson Center ရဲ့ ဝက်ဆိုက်မှာ ဆောင်းပါးရှင် Hunter Marston ရေးသားထားတဲ့ “Many Sanctions, Few Friends: Junta Grapples with its Grip on Power” ဆောင်းပါးကို ဆီလျော်အောင်သာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024