မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ သူတို့နေရပ်ကို ဘေးကင်းစွာပြန်နိုင်ရေး အမြန်ဆုံးလမ်းဖွင့် ဆောင်ရွက်ပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက နိုဝင်ဘာ ၂၄ ရက်မှာ ပူးပေါင်းကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်မှာ ပြင်းထန်အားကောင်းလာနေတဲ့ တိုက်ပွဲတွေကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး အရှိန်လျော့ရပ်တန့်ကြဖို့၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ အရပ်သားတွေ ဘေးကင်းရေး ကာကွယ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့နဲ့ နိုင်ငံခြားသားတွေကို ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းဖန်တီးပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့လည်း မြန်မာစစ်တပ်ကိုရော သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုပါ တောင်းဆိုထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို ပဋိပက္ခဖြစ်ရာ နေရာကနေ ဘေးလွတ်ရာ ပို့ဆောင်ပေးဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုသလို သူတို့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာမှာရှိတဲ့ သက်ဆိုင်ရာ သံရုံးတွေနဲ့ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို အာဆီယံကချမှတ်ထားတဲ့ ဘုံသဘော တူညီချက် ၅ ချက်နဲ့အညီ ငြိမ်းချမ်းရေးအဖြေ တခု ရရှိရေး သံန္နိဋ္ဌာန်ချမှတ်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံအတည်ပြုခဲ့ကြပြီး အာဆီယံအတွက်လည်း မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းစည်းလုံးရေးဟာ အရေးပါ ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် အာဆီယံနိုင်ငံတွေ က နိုင်ငံသားတွေလည်း ထောင်နဲ့ချီ ပိတ်မိနေတာဖြစ်ပါတယ်။
ပိတ်မိနေသူတွေထဲက ထိုင်းနိုင်ငံသား ၂၆၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၆ ဦး နဲ့ စင်ကာပူနိုင်ငံသား ၁ ဦး စုစုပေါင်း ၂၇၃ ဦးတို့ နိုဝင်ဘာ ၂၀ ရက်က ထိုင်းအစိုးရအစီအစဉ်နဲ့ ဘန်ကောက်ကို ပြန်လည် ရောက်ရှိလာပါတယ်။
လောက်ကိုင်မြို့မှာ မလေးရှားနိုင်ငံသား ၁၀၉ ယောက် နေရပ်ပြန်လို့မရဘဲ သောင်တင် နေတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အလားတူ ဗီယက်နမ်နိုင်ငံသားအယောက် ၇၀၀ လောက်လည်း လောက်ကိုင်မှာ ပိတ်မိနေခဲ့ပြီး လတ်တလောမှာတော့ သူတို့ဟာ ယာယီ ဘေးကင်းရာနေရာတွေမှာ ရောက်ရှိနေပြီလို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ပြောထားပါတယ်။
Photo-ASEAN