သေနတ်ဒဏ်ရာနဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ အမျိုးသားတယောက်ဟာ မဏိပူရပြည်နယ်၊ အင်ဖာမြို့က ဆေးရုံမှာ နိုဝင်ဘာ ၂၃ ရက်က သေဆုံးသွားခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီးက ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ တိုးပွားလာနေချိန်မှာပဲ ဖြစ်ပွားခဲ့ကာ အဆိုပါ သေနတ်ဒဏ်ရာနဲ့ မြန်မာအမျိုးသားက နိုဝင်ဘာ ၂၂ ရက်က အိန္ဒိယဘက်ခြမ်းကို ဖြတ်ကျော် ဝင်ရောက်ကာ အာသံရိုင်ဖယ်စခန်းက ရဲအရာရှိတွေဆီ အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ဒဏ်ရာရရှိသူကို အာသံရိုင်ဖယ်စခန်က ပြည်နယ်ရဲဝန်ထမ်းတွေဆီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး သူ့ကို အင်ဖာမြို့ဆေးရုံဆီ ခေါ်ဆောင်ဆေးကုသပေးနေစဉ် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား ဒဏ်ရာရရှိမှုနဲ့ အိန္ဒိယနယ်စပ်ဘက်ကို ဘယ်လိုမျိုး ဖြတ်ကျော် နိုင်ခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မသိရှိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာနဲ့ နယ် နိမိတ်ထိစပ်နေတဲ့ ပြည်နယ်တွေမှာ လုံခြုံရေးတိုးမြှင့်ချထားခဲ့တယ်လို့ မဏိပူရ ဝန်ကြီးချုပ် အန် ဘီရန် ဆင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း မြန်မာစစ်အုပ်စုနဲ့ ဒေသတွင်း တော်လှန်ရေးတပ် ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ်ဘက်ဆီ ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
မဏိပူရ ဝန်ကြီးချုပ် အန်ဘီရန် ဆင်းကတော့ “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် နယ်စပ်လုံခြုံရေးကို အင်အားဖြည့်တင်းထားပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့တွေအပြင် ပြည်နယ်ရဲတပ်ဖွဲ့၊ နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) နဲ့ ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) ဝန်ထမ်းတွေကိုလည်း တပ်ဖြန့်ချထားပါတယ်။ ဒီအခြေအနေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။
မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ မေလက စတင်ဖြစ်ပွားခဲ့တဲ့ ကူကီးလူမျိုးစုနဲ့ ကသဲလူမျိုးစုတို့ရဲ့ လူမျိုးရေး အကြမ်းဖက်ကိစ္စတွေကြောင့် အနည်းဆုံးလူ ၁၈၁ ယောက်သေဆုံးပြီး ၅၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။