စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျောင်းရွာတစ်ရွာရှိ NUG စာသင်ကျောင်းက ကျောင်းသား၊ သူ ၃၀၀ ကျော်အတွက် စာအုပ်နဲ့ စာရေးကိရိယာတွေ နိုဝင်ဘာလ ၂၃ ရက်မှာ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
အလယ်တန်းအဆင့် NUG ပညာရေးကျောင်း တကျောင်းကို ဗလာစာအုပ်၊ စာရေး ကိရိယာတွေ ကျောင်းသားဦးရေ ၃၀၁ ဦး အတွက် လှူဒါန်းခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
“လှူဒါန်းဖြစ်ခဲ့ကြတဲ့ အဓိကကတော့ ပညာရေးမှာ လိုအပ်ချက်များစွာ ရှိနေတဲ့အကြောင်း သူတို့ကအကူအညီ တောင်းလာလို့ ကျနော်တို့ သွားရောက်လှူဒါန်း ပေးခဲ့ကြတာပါ။ အညာဒေသ စာသင်ကျောင်းတွေမှာ ကူညီမှုနည်းပါးသလို လိုအပ်ချက်တွေလဲ များပြားတဲ့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အကူအညီကိုလည်း မျှော်လင့်နေကြပါတယ်။ ဒါကြောင့် ပညာရေး ကဏ္ဍလေးမှာ နိုင်တဲ့နေရာကနေ ပါဝင် ကူညီပေးကြဖို့ တောင်းဆိုလိုပါတယ်"လို့ ပြောပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့ ပုလဲမြို့နယ်မှာ တစ်ကြိမ်၊ ဆားလင်းကြီးမြို့နယ်မှာ တကြိမ် လှူဒါန်းခဲ့ပြီးအခုတကြိမ် ကူညီလှူဒါန်းတာက တတိယအကြိမ်ပါ။ နောက်ထပ် စာအုပ်၊ စာရေးကိရိယာ လှူဒါန်းမှုအပြင် ပညာရေးက ကျောင်းတွေမှာ သံချဆေး တိုက်ကျွေးတာကိုလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။
ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူတစ်ဦးက "ကလေးတွေ အတွက် လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းလေးတွေကို ထောက်ပံ့ပေးဖို့ တောင်းဆိုလိုက်လို့ပါ။ နောက်ပြီး အဲ့ကျေးရွာက ကလေးတွေက မီးရှို့ခံလိုက်ရတဲ့ မိသားစုက ကလေးတွေများတယ်ဗျ" လို့ ပြောပါတယ်။
စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက်၊ ခဲချွန်စက်၊ Correction Pen စတဲ့ စာရေးကိရိယာ ပစ္စည်း ၇ မျိုးအား ထောက်ပံ့ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၀၁ ဦးအတွက် ငွေကျပ် ၆၀၀၀၀၀ လောက် ကုန်ကျခဲ့ပါတယ်လို့လည်း သိရပါတယ်။