ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မောင်တောခရိုင် ဒေသခံတွေ စိုးရိမ်ပြီး စားသောက်ကုန်တွေ အလုအယက် ဝယ်ယူနေကြကာ ကုန်ဈေးနှုန်းတွေလည်း တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောဒေသခံအမျိုးသမီးတစ်ဦးက“မနေ့က ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၅၀၀၀ ကနေ ၆၀၀၀ ဖြစ်သွားတယ်။ အခု တစ်ပိဿာကို ၁၈၀၀၀ အထိ မြင့်တက်သွားတယ်။ အနာဂတ် စားဝတ်နေရေး အခက်အခဲကို စိုးရိမ်ရတယ်။ တိုက်ပွဲတွေ ဘယ်လောက်အထိ ပြင်းထန်လာမလဲဆိုတာ ကျမတို့ မပြောနိုင်ပါဘူး”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစပြီး တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းနဲ့ အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းတွေ အားလုံးကို အကန့်သတ်မရှိပိတ်ဆို့ထားလိုက်လို့ ရခိုင်ဒေသခံပြည်သူ သန်းနဲ့ချီပြီး စားနပ်ရိက္ခာ ပြတ်လပ်မယ့်အရေးနဲ့ ကြုံတွေ့နေကြရတာပါ။
မောင်တောခရိုင်က စျေးဝယ်ယူသူတစ်ဦးက "အခုအချိန်မှာ ကုန်စျေးနှုန်းက တနေ့ထက်တနေ့ တက်လာနေပါတယ်။ ကြက်သွန်ဖြူ တအိတ်ကို အရင်တုန်းက ကျပ် ၃၀၀၀၀ ကနေ ၃၄၀၀၀ နဲ့ဝယ်ယူရတယ်။ အခုတော့ ၃၈၀၀၀ အထိပေးဝယ်ယူနေကြရတယ်။ ကုန်စျေးနှုန်းကတော့ အများကြီးကွာခြားသွားပါတယ်။ မရှိဆင်းရဲသားတွေ အများကြီးအခက်တွေ့ကြရမှာပါ။ နောက်အနာဂတ်ရေရှည်ကာလမှာ စိုးရိမ်ထိတ်စရာ ကြောက်လန့်စရာတွေ ဖြစ်လာရမှာ” လို့ ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်တစ်ခုလုံးကို စစ်တပ်က ကုန်းလမ်း၊ ရေလမ်း ပိတ်ထားတဲ့အပြင် NGO/INGO နဲ့ အရပ်ဖက်အဖွဲ့တွေကိုပါ လိုက်လံဖမ်းဆီးနေတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေလည်း ရပ်တန့်နေပါတယ်။